သံယုတ္တနိကာယ်—၄၆

၄—နီဝရဏဝဂ်

၃—ဥပက္ကိလေသသုတ်

၂၁၄။ ရဟန်းတို့ ရွှေ၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့်ညစ်ပေသော ရွှေသည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်းစွာ မဖြစ်ပေ။ အဘယ် ငါးပါးတို့နည်း— ရဟန်းတို့ သံသည် ရွှေ၏ အညစ်အကြေးတည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည်နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သောသဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်းစွာ မဖြစ်။ ကြေးသည် ရွှေ၏အညစ်အကြေးတည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည်။ပ။ ခဲပုပ်သည် ရွှေ၏ အညစ်အကြေးတည်း။ ခဲမဖြူသည် ရွှေ၏ အညစ်အကြေးတည်း။ ငွေသည် ရွှေ၏ အညစ်အကြေးတည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်း စွာ မဖြစ်။

ရဟန်းတို့ ရွှေ၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော ရွှေသည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ လက်ဝတ်တန်ဆာ ပြုလုပ်ခြင်းငှါလည်းကောင်းစွာ မဖြစ်။

ရဟန်းတို့ ဤအတူပင် စိတ်၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော စိတ်သည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း့မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝတရားတို့၏ ကုန်ခြင်းငှါ ကောင်းစွာလည်း မထားနိုင်။ အဘယ်ငါးပါးတို့နည်း— ရဟန်းတို့ ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’သည် စိတ်၏ အညစ်အကြေးတည်း။ ယင်းအညစ်အကြေး တို့ဖြင့်ညစ်ပေသော စိတ်သည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝတရားတို့၏ ကုန်ခြင်းငှါ ကောင်းစွာလည်း မထား နိုင်။ပ။

ရဟန်းတို့ စိတ်၏ အညစ်အကြေးတို့သည် ဤငါးပါးတို့တည်း။ ယင်းအညစ်အကြေးတို့ဖြင့် ညစ်ပေသော စိတ်သည် နူးလည်း မနူးညံ့၊ ပြုလုပ်ခြင်းငှါလည်း အသင့် မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်း ရှိ၏၊ အာသဝတရားတို့၏ ကုန်ခြင်းငှါ ကောင်းစွာလည်း မထားနိုင်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။