သံယုတ္တနိကာယ်—၄၆

၄—နီဝရဏဝဂ်

၈—အာဝရဏနီဝရဏသုတ်

ရဟန်းတို့ အရိယာတပည့်သည် အရိုအသေပြုကာ နှလုံးသွင်းလျက် အလုံးစုံကို စိတ်၌ ကောင်းစွာထားပြီး စူးစိုက်နားထောင်သည်ဖြစ်၍ တရားတော်ကို နာကြားသောအခါ ဤအရိယာတပည့်အား နီဝရဏငါးပါးတို့သည် မဖြစ်ကုန်၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ထိုအခါ အဘယ်နီဝရဏငါးပါးတို့သည် မဖြစ်ကုန်သနည်း။ ထိုအခါ ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ နီဝရဏ’၊ ပျက်စီးစေလိုမှု ‘ဗျာပါဒနီဝရဏ’၊ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓနီဝရဏ’၊ စိတ်ပျံ့လွင့်မှု နောင်တ တစ်ဖန်ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ’၊ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာနီဝရဏ’သည် မဖြစ်။ ထိုအခါ ဤအရိယာတပည့်အား ဤနီဝရဏငါးပါးတို့သည် မဖြစ်ကုန်။

ထိုအခါ အဘယ်ဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်သနည်း။ ထိုအခါ သတိသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ပ။ ထိုအခါ ဥပေက္ခာသမ္ဗောဇ္ဈင်သည် ပွါးများပြည့်စုံခြင်းသို့ ရောက်၏။ ထိုအခါ ဤဆိုခဲ့ပြီးသော ဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏။

ရဟန်းတို့ အရိယာတပည့်သည် အရိုအသေပြုကာ နှလုံးသွင်းလျက် အလုံးစုံကို စိတ်၌ ကောင်းစွာထားပြီး စူးစိုက်နားထောင်သည်ဖြစ်၍ တရားတော်ကို နာကြားသောအခါ ဤအရိယာတပည့်အား နီဝရဏငါးပါးတို့သည် မဖြစ်ကုန်၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့သည် ပွါးများပြည့်စုံခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။