သံယုတ္တနိကာယ်—၄၆

၄—နီဝရဏဝဂ်

၉—ရုက္ခသုတ်

၂၂ဝ။ ရဟန်းတို့ သစ်ပင်တို့ကို လွှမ်းမိုး ပေါက်ရောက်တတ်ကုန်သောအစေ့သေးငယ်၍ ပင်စည်ကြီးကုန်သော သစ်ပင်ကြီးတို့သည် ရှိကုန်၏၊ ယင်းသစ်ပင်ကြီးတို့ လွှမ်းမိုးခံရကုန်သော သစ်ပင်တို့သည်ကျိုးပြတ်ပျက်စီး၍ လဲကျကုန်၏။ ရဟန်းတို့ သစ်ပင်တို့ကို လွှမ်းမိုး၍ ကျိုးပြတ်ပျက်စီး လဲကျစေနိုင်သည့်အစေ့သေးငယ်၍ ပင်စည်ကြီးသော သစ်ပင်ကြီးတို့ဟူသည် အဘယ်တို့နည်း။ ညောင်ဗုဒ္ဓဟေပင်၊ ပညောင်ပင်၊ ညောင်ကြတ်ပင်၊ ရေသဖန်းပင်၊ ခအောင်းပင်၊ ညောင်ချဉ်ပင်တို့တည်း။ ရဟန်းတို့ သစ်ပင်တို့ကိုလွှမ်းမိုး၍ ကျိုးပြတ်ပျက်စီး လဲကျစေနိုင်သည့် အစေ့သေးငယ်၍ ပင်စည်ကြီးသော သစ်ပင်ကြီးတို့ဟူသည်ဤသည်တို့တည်း။

ရဟန်းတို့ ဤအတူပင် ဤလောက၌ အချို့သောအမျိုးကောင်းသားသည် အကြင်သို့ သဘောရှိကုန်သော ကာမဂုဏ်တို့ကို ပယ်စွန့်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ၏၊ ထိုသူသည် ထိုသို့သဘောရှိသော ကာမဂုဏ်တို့မှလည်းကာင်း၊ ထို့ထက် ပို၍ ယုတ်နိမ့်သော ကာမဂုဏ်တို့မှလည်းကောင်း ကျိုးပြတ်၍ ကျ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် ပိတ်ပင်တားဆီးတတ်ကုန်၏၊ စိတ်ကို လွှမ်းမိုးတတ်ကုန်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်၏။ အဘယ်ငါးမျိုးတို့နည်း၊ ရဟန်းတို့ ကာမ၌လိုချင်မှု ‘ကာမစ္ဆန္ဒ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ ပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကိုအားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ လေးလံထိုင်းမှိုင်းမှု ‘ထိနမိဒ္ဓ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပန်မှု ‘ဥဒ္ဓစ္စကုက္ကုစ္စ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ သည် ပိတ်ပင်တားဆီးတတ်၏၊ စိတ်ကို လွှမ်းမိုးတတ်၏၊ ပညာကို အားနည်းအောင် ပြုလုပ်တတ်၏။ ရဟန်းတို့ ဤငါးပါးတို့သည်ကုသိုလ်တရား ကို ပိတ်ပင်တားဆီးတတ်ကုန်၏၊ စိတ်ကို လွှမ်းမိုးတတ်ကုန်၏၊ ပညာကို အားနည်းအောင်ပြုလုပ်တတ် ကုန်၏။

ရဟန်းတို့ (ကုသိုလ်တရားတို့ကို) မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကို မလွှမ်းမိုးတတ်ကုန် သောဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။ အဘယ်ခုနစ်ပါးတို့နည်း၊ ရဟန်းတို့ (ကုသိုလ်တရားတို့ကို) မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မလွှမ်းမိုးတတ်သောသတိသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ပ။ ရဟန်းတို့ (ကုသိုလ်တရားတို့ကို) မပိတ်ပင်မတားဆီးတတ်သော စိတ်ကို မလွှမ်းမိုးတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’အကျိုးကို မျက်မှောက်ပြုခြင်းငှါ ဖြစ်၏။ ရဟန်းတို့ ကုသိုလ်တရားတို့ကို မပိတ်ပင်မတားဆီးတတ်ကုန်သော စိတ်ကိုမလွှမ်းမိုးတတ်ကုန်သော ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အသိဉာဏ် ‘ဝိဇ္ဇာ’၊ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’အကျိုးကို မျက်မှောက်ပြုခြင်းငှါဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။