သံယုတ္တနိကာယ်—၄၆

၁—ပဗ္ဗတဝဂ်

၄—ဝတ္ထသုတ်

၁၈၅။ အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “ငါ့သျှင်”ဟု အသျှင်သာရိပုတြာအားပြန်လျှောက်ကြကုန် ၏။ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်တော်မူ၏—

ငါ့သျှင်တို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။ အဘယ်ခုနစ်ပါးတို့နည်း၊ သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ငါ့သျှင်တို့ ဗောဇ္ဈင်တို့သည် ဤခုနစ်ပါးတို့တည်း။

ငါ့သျှင်တို့ ငါသည် ဗောဇ္ဈင်ခုနစ်ပါးတို့တွင် နံနက်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ မွန်းတည့်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ ညနေအချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏။ ငါ့သျှင် တို့ သတိသမ္ဗောဇ္ဈင်ဟူ၍ ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော သတိသမ္ဗောဇ္ဈင်ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသောသတိသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံး သွင်းခြင်း) ဖြစ်၏၊ တည်တံ့သော သတိသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အားသတိသမ္ဗောဇ္ဈင် ရွေ့လျောသွားခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏။ပ။ ငါ့သျှင်တို့ဥပေက္ခာသမ္ဗောဇ္ဈင် ဟူ၍ ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်၏ဟု ငါ့အား (နှလုံး သွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏ဟုငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ တည်တံ့သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အား ဥပေက္ခာသမ္ဗောဇ္ဈင် ရွေ့လျောသွားခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏။

ငါ့သျှင်တို့ ဥပမာသော်ကား မင်း၏လည်းကောင်း၊ မင်းအမတ်ကြီး၏လည်းကောင်း ပုဆိုးသေတ္တာ သည်အမျိုးမျိုးဆိုးအပ်ကုန်သော ပုဆိုးတို့ဖြင့် ပြည့်ရာ၏။ ထိုမင်းသည် နံနက်အချိန်၌ ဝတ်ရုံလိုသောပုဆိုးအစုံကို ဝတ်ရုံနိုင်ရာ၏၊ မွန်းတည့်အချိန်၌ ဝတ်ရုံလိုသော ပုဆိုးအစုံကို ဝတ်ရုံနိုင်ရာ၏၊ ညနေအချိန်၌ဝတ်ရုံလိုသော ပုဆိုးအစုံကို ဝတ်ရုံနိုင်ရာ၏။

ထို့အတူပင် ငါသည် ဤဗောဇ္ဈင်ခုနစ်ပါးတို့တွင် နံနက်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ မွန်းတည့်အချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ ညနေအချိန်၌ နေလိုသော ဗောဇ္ဈင်ဖြင့် နေနိုင်၏၊ ငါ့သျှင်တို့ သတိသမ္ဗောဇ္ဈင်ဟူ၍ ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော သတိသမ္ဗောဇ္ဈင်ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသော သတိသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ တည်တံ့သော သတိသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အား သတိ့သမ္ဗောဇ္ဈင် ရွေ့လျောခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်ဟူ၍ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်ခဲ့မူ မနှိုင်းယှဉ်နိုင်သော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ ကောင်းစွာ ပြည့်စုံပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်၏ဟု ငါ့အား (နှလုံးသွင်းခြင်း) ဖြစ်၏၊ တည်တံ့သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုလည်း တည်တံ့၏ဟု ငါသိ၏၊ ငါ့အား ဥပေက္ခာသမ္ဗောဇ္ဈင်ရွေ့လျော သွားခဲ့မူ ဤအကြောင်းကြောင့် ရွေ့လျောသွား၏ဟု ငါသိ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။