သံယုတ္တနိကာယ်—၄၆

၁—ပဗ္ဗတဝဂ်

၅—ဘိက္ခုသုတ်

၁၈၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဗောဇ္ဈင် ဗောဇ္ဈင်ဟု ဆိုအပ်ပါကုန်၏၊ အဘယ်ကြောင့် ဗောဇ္ဈင်ဟု ဆိုအပ်ပါကုန်သနည်း”ဟု လျှောက်၏၊ ရဟန်း (နိဗ္ဗာန်ကို) သိခြင်းအကျိုးငှါဖြစ်ကုန်သောကြောင့် ဗောဇ္ဈင်တို့ဟု ဆိုအပ်ကုန်၏။

ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသောချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသောစွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများ၏။ ဤဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးများသော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးသောအရဟတ္တဖိုလ်၌ “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါတစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ ရဟန်း (နိဗ္ဗာန်ကို) သိခြင်းအကျိုးငှါ ဖြစ်ကုန်သောကြောင့်ဗောဇ္ဈင်တို့ဟု ဆိုအပ်ကုန်၏ဟု (မိန့်တော် မူ၏)။

ပဉ္စမသုတ်။