သံယုတ္တနိကာယ်—၄၆

၆—သာကစ္ဆဝဂ်

၂ — ပရိယာယသုတ်

၂၃၃။ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်း ကိုယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့အား ဤအကြံသည်ဖြစ်၏— “သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်ရန် အချိန်စောသေး၏၊ ငါတို့ကား ဤသာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြရလျှင် ကောင်းပေလိမ့်မည်”ဟု အကြံ ဖြစ်၏။

ထို့နောက် ထိုရဟန်းတို့သည် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကုန်ပြီးလျှင် ထိုသာသနာ့ပြင်ပအယူရှိကုန်သည့် ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုရဟန်းတို့အား့သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့သည် ဤစကားကို ဆိုကုန်၏ — ငါသျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက’တို့အား “ရဟန်းတို့ လာကြကုန်၊ သင်တို့သည်စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကိုပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများကြကုန်လော့”ဟု ဤသို့သော တရားကို ဟောကြား၏၊ ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား “ငါ့သျှင်တို့ လာကြကုန်၊ သင် တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သောနီဝရဏ ငါးပါးတို့ကို ပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများကုန်လော့”ဟုဤသို့ သော တရားကို ဟောကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ ရဟန်းဂေါတမ၏ တရားဟောခြင်းနှင့်ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ ဆုံးမခြင်းနှင့် ငါတို့၏ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကား အဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်းဟု ဆိုကြ ကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ပြောဆိုအပ်သော စကားကိုမနှစ်သက်မတားမြစ်မူ၍ “မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကို သိကြရကုန် အံ့”ဟုနေရာမှ ထပြီးလျှင် ဖဲခွါခဲ့ကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် သာဝတ္ထိပြည်သို့ ဆွမ်းခံ လှည့်လည်၍ဆွမ်းစားပြီးနောက် ဆွမ်းစားရာအရပ်မှ ဖဲခွါခဲ့ကြကုန်ပြီးသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ် ကုန်၍မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်ကုန်၏ — အသျှင်ဘုရားအကျွန်ုပ်တို့သည်နံနက်အချိန်သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ခဲ့ကြကုန်၏၊ အသျှင်ဘုရား တပည့်တော်တို့အား “သာဝတ္ထိပြည်၌ဆွမ်းခံလှည့်လည်ရန် အချိန်စောသေး၏၊ ငါတို့ကား သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ချဉ်းကပ်ရကြလျှင် ကောင်းပေလိမ့်မည်”ဟု အကြံ ဖြစ်ပေါ်ပါ၏၊ ထို့နောက် အကျွန်ုပ်တို့သည် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကုန်ပြီးလျှင် ထိုသာသနာ့ပြင်ပအယူရှိကုန်သည့် ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပါကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအကျွန်ုပ်တို့အား သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့သည်ဤစကားကို ဆိုပါကုန်၏၊

ငါ့သျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက’ တို့အား “ရဟန်းတို့ လာကြကုန်၊ သင်တို့သည်စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကိုပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်း ပွါးများကြကုန်လော့”ဟု ဤသို့သော တရားကို ဟောကြား၏။ ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား “ငါ့သျှင်တို့ လာကြကုန်၊ သင် တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သောနီဝရဏ ငါးပါးတို့ကို ပယ်စွန့်ကုန်၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်မှန်သောအတိုင်းပွါးများကြကုန်လော့”ဟု ဤသို့ သော တရားကို ဟောကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ ရဟန်းဂေါတမ၏တရားဟောခြင်းနှင့် ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ ဆုံးမခြင်းနှင့် ငါတို့၏ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကား အဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်းဟု ဤစကား ကို ပြောဆိုပါကုန်၏။

အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည် သာသနာ့ပြင်ပအယူရှိကြသည့် ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကားကို မနှစ်သက်မတားမြစ်မူ၍ “မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကိုသိရ ကုန်အံ့”ဟု နေရာမှ ထကာ ဖဲခွါခဲ့ကြပါကုန်၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤသို့ ပြောဆိုလေ့ရှိကြကုန်သော သာသနာ့ပြင်ပအယူရှိကြကုန်သော ပရိဗိုဇ်တို့အား ဤသို့ပြောဆိုကုန်ရာ၏— “ငါ့သျှင်တို့ အကြင်အကြောင်းကို စွဲ၍ နီဝရဏငါးပါးတို့သည် ဆယ်ပါး ဖြစ် ကုန်၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့သည် တစ်ဆယ့်လေးပါး ဖြစ်ကုန်၏၊ ထိုအကြောင်းသည် ရှိပါသလော”ဟု (ပြောဆိုကုန်ရာ၏)။ ရဟန်းတို့ ဤသို့ မေးအပ်ကုန်သည်ရှိသော် သာသနာ့ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့သည် ပြည့်စုံစွာ မဖြေဆိုနိုင်ကြကုန်လတ္တံ့၊ ထို့ပြင် ပင်ပန်းဆင်းရဲခြင်းသို့လည်း ရောက်ကုန်လတ္တံ့၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ၄င်းတို့၏ အရာ မဟုတ်သောကြောင့်တည်း။ ရဟန်းတို့ ငါဘုရားကိုဖြစ်စေ၊ ငါဘုရား၏ တပည့် ‘သာဝက’ ကိုဖြစ်စေ၊ ဤသာသနာတော်မှ ကြားနာရသော သူကိုဖြစ်စေ ဖယ်ထား၍ ဤပြဿနာတို့ကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သက်စေနိုင်မည့်သူကို နတ် မာရ်နတ်ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ငါဘုရား မမြင်။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ နီဝရဏငါးပါးတို့သည် ဆယ်ပါး ဖြစ်ကုန်၏၊ ထိုအကြောင်း ကားအဘယ်နည်း။

ရဟန်းတို့ မိမိခန္ဓာကို စွဲ၍ ဖြစ်သော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာကို စွဲ၍ ဖြစ်သော ကာမ၌ လိုချင်မှု ‘ကာမစ္ဆန္ဒ’သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုကာမစ္ဆန္ဒနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ ရဟန်းတို့ မိမိခန္ဓာကို စွဲ၍ ဖြစ်သောပျက်စီးစေလိုမှု ‘ဗျာပါဒ’ သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာကို စွဲ၍ ဖြစ်သော ပျက်စီးစေလိုမှု ‘ဗျာပါဒ’သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဗျာပါဒနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်းနှစ်ပါးဖြစ်၏။ ရဟန်းတို့ စိတ်၏ ထိုင်းမှိုင်းမှု ‘ထိန’ သည်လည်း နီဝရဏတည်း၊ စေတသိက်၏ ထိုင်းမှိုင်းမှု ‘မိဒ္ဓ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုထိနမိဒ္ဓနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ ရဟန်းတို့ စိတ်ပျံ့လွင့်မှု ‘ဥဒ္ဓစ္စ’သည်လည်း နီဝရဏတည်း၊ နောင်တတစ်ဖန်ပူပန်မှု ‘ကုက္ကုစ္စ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဥဒ္ဓစ္စကုက္ကုစ္စနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။ ရဟန်းတို့ မိမိခန္ဓာတရားတို့၌ မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း နီဝရဏတည်း၊ ပြင်ပခန္ဓာတရားတို့၌ မဆုံးဖြတ်နိုင်မှု ‘ဝိစိကိစ္ဆာ’ သည်လည်း နီဝရဏတည်း၊ ဤသို့လျှင် ထိုဝိစိကိစ္ဆာနီဝရဏသည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ နီဝရဏငါးပါးတို့သည် ဆယ်ပါး ဖြစ်ကုန်၏၊ ဤသည်ကားအကြောင်းပရိယာယ်တည်း။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ ဗောဇ္ဈင်ခုနစ်ပါးတို့သည် တစ်ဆယ့်လေးပါး ဖြစ်ကုန်၏၊ ထိုအကြောင်းကား အဘယ်နည်း။

ရဟန်းတို့ အတွင်းသင်္ခါရတရားတို့၌ အောက်မေ့မှု ‘သတိ’ သည်လည်း သတိသမ္ဗောဇ္ဈင်တည်း၊ ပြင်ပသင်္ခါရတရားတို့၌ အောက်မေ့မှု ‘သတိ’ သည်လည်း သတိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုသတိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အတွင်းသင်္ခါရတရားတို့၌ ပညာဖြင့် ဆင်ခြင်ခြင်း သုံးသပ်ခြင်း စုံစမ်းခြင်းသို့ ရောက်ခြင်းသည်လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း၊ ပြင်ပသင်္ခါရတရားတို့၌ ပညာဖြင့် ဆင်ခြင်ခြင်း သုံးသပ်ခြင်းစုံစမ်းခြင်းသို့ ရောက်ခြင်းသည်လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုဓမ္မဝိစယသမ္ဗောဇ္ဈင်သည်ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကိုယ်၌ ဖြစ်သောအားထုတ်မှုသည်လည်း ဝီရိယသမ္ဗောဇ္ဈင်တည်း၊ စိတ်၌ ဖြစ်သောအားထုတ်မှုသည်လည်း ဝီရိယသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုဝီရိယသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့နှင့် တကွဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ သည်လည်းပီတိသမ္ဗောဇ္ဈင်တည်း၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့ မရှိသော နှစ်သိမ့်မှု ‘ပီတိ’သည်လည်း ပီတိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုပီတိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု ‘ကာယပဿဒ္ဓိ’သည်လည်း ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း၊ စိတ်၏ ငြိမ်းချမ်းမှု ‘စိတ္တပဿဒ္ဓိ’ သည်လည်း ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့နှင့် တကွဖြစ်သော တည်ကြည်မှု ‘သမာဓိ’သည်လည်း သမာဓိသမ္ဗောဇ္ဈင်တည်း၊ ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့ မရှိသော တည်ကြည်မှု ‘သမာဓိ’ သည်လည်း သမာဓိသမ္ဗောဇ္ဈင်တည်း၊ ဤသို့လျှင် ထိုသမာဓိသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အတွင်းသင်္ခါရတရားတို့၌ အညီအမျှ ရှုမှု ‘ဥပေက္ခာ’ သည်လည်း ဥပေက္ခာသမ္ဗောဇ္ဈင် တည်း၊ ပြင်ပသင်္ခါရတရားတို့၌ အညီအမျှ ရှုမှု ‘ဥပေက္ခာ’ သည်လည်း ဥပေက္ခာသမ္ဗောဇ္ဈင်တည်း၊ ဤသို့ လျှင်ထိုဥပေက္ခာသမ္ဗောဇ္ဈင်သည် ဤအကြောင်းပရိယာယ်အားဖြင့်လည်း နှစ်ပါးဖြစ်၏။

ရဟန်းတို့ အကြင်အကြောင်းကို စွဲ၍ ဗောဇ္ဈင်ခုနစ်ပါးတို့သည် တစ်ဆယ့်လေးပါး ဖြစ်ကုန်၏၊ ဤသည်ကား အကြောင်းပရိယာယ်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။