သံယုတ္တနိကာယ်—၄၆

၆—သာကစ္ဆဝဂ်

၄ — မေတ္တာသဟဂတသုတ်

၂၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယတိုင်း ဟလိဒ္ဒဝသနမည်သော ကောလိယတိုင်းသားတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် ဟလိဒ္ဒဝသနနိဂုံးသို့ ဆွမ်းခံဝင်ကုန်၏၊ ထိုအခါထိုရဟန်းတို့အား ဤအကြံ ဖြစ်၏— “ဟလိဒ္ဒဝသနနိဂုံး၌ ဆွမ်းခံလှည့်လည်ရန် အချိန်စောသေး၏၊ ငါတို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရလျှင် ကောင်းပေလိမ့်မည်”ဟုအကြံဖြစ်၏။

ထို့နောက် ထိုရဟန်းတို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကုန် ၍ထိုသာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကြသော ထိုရဟန်းတို့အား သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ဤစကားကို ပြောဆိုကုန်၏ —

“ငါ့သျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက’ တို့အား ဤသို့ တရားကို ဟောကြား၏ — ‘ရဟန်းတို့ လာကြကုန်၊ သင်တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်ကုန်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူ ပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့။ သနားခြင်း ‘ကရုဏာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခု မြောက် အရပ်မျက်နှာကို။ သုံးခုမြောက်အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့်အထက်အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့် မြတ်သောအတိုင်းအရှည်မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ် သော စိတ်ဖြင့် ပျံ့နှံ့စေ၍နေကုန်လော့။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ် မျက်နှာကို။ လေးခုမြောက့်အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာအလုံးစုံသောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအား လုံး ပါဝင်သောသတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်းမရှိသော ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ထို့အတူနှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ် သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့’ဟု ဤသို့ တရားကို ဟောကြား၏။

ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား ဤသို့ တရားကို ဟောကြားကုန်၏ — ‘ငါ့သျှင်တို့ လာကြကုန်၊ သင်တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ့’နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့။ပ။ သနားခြင်း ‘ကရုဏာ’နှင့် ယှဉ်သောစိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သောစိတ်ဖြင့်တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့’ဟု ဤသို့ ဟောကြားပါကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ရဟန်းဂေါတမ၏ တရားဟောခြင်းနှင့် ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ဆုံးမခြင်းနှင့် ငါတို့၏ ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကားအဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်း”ဟု ဤသို့ ပြောဆိုကုန်၏။

ထိုအခါ ထိုရဟန်းတို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား ကိုမနှစ်သက် မတားမြစ်မူ၍ “မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကို သိကြရကုန်အံ့”ဟု (ကြံစည်ကာ) နေရာမှ ထကာ ဖဲခွါခဲ့ကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် ဟလိဒ္ဒဝသနနိဂုံး၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းစားရာအရပ်မှ ဖဲခွါခဲ့ကုန်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးပြီး တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် ဤစကားကို လျှောက်ထားကုန်၏ —

“အသျှင်ဘုရား အကျွန်ုပ်တို့သည် ဤနံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ခဲ့ပြီးလျှင် ဟလိဒ္ဒဝသနနိဂုံးသို့ ဆွမ်းခံဝင်ခဲ့ပါကုန်၏၊ ‘အသျှင်ဘုရား အကျွန်ုပ်တို့အား ငါတို့သည်ဟလိဒ္ဒဝသနနိဂုံး၌ ဆွမ်းခံသွားရန် အချိန်စောသေး၏၊ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြရမူ ကောင်းပေလိမ့်မည်’ဟု ဤအကြံသည် ဖြစ်ပါ၏။

အရှင်ဘုရား ထို့နောက် အကျွန်ုပ်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ အရံသို့ချဉ်းကပ်ကုန်ပြီးလျှင် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေကြပါကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်သောအကျွန်ုပ် တို့အား သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ဤစကားကို ပြောဆိုကြပါကုန်၏—

“ငါ့သျှင်တို့ ရဟန်းဂေါတမသည် တပည့် ‘သာဝက’တို့အား— ‘ရဟန်းတို့ လာကြကုန်၊ သင်တို့သည်စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကိုပယ်စွန့်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍နေ ကုန်လော့။ပ။ သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့်ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသောအရပ်မျက်နှာကိုပျံ့နှံ့စေ၍ နေ ကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာအရပ်မျက်နှာ အလုံးစုံ သောအရပ်မျက်နှာတို့၌ သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောက ကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသောငြိုငြင်ခြင်း မရှိသော လျစ်လျူရှု ခြင်း ‘ဥပေက္ခာ’နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့’ဟုဤသို့ တရားကို ဟောကြား၏။

ငါ့သျှင်တို့ ငါတို့သည်လည်း တပည့် ‘သာဝက’ တို့အား ဤသို့ တရားကို ဟောကြားကုန်၏ — ‘ငါ့သျှင်တို့ လာကြကုန်၊ သင်တို့သည် စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ ချမ်းသာစေလိုခြင်း ‘မေတ္တာ’နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့။ပ။ သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော စိတ်ဖြင့်။ လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော စိတ်ဖြင့်တစ်ခု သောအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေကုန်လော့၊ ဤနည်းအားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံသောအရပ်မျက်နှာတို့၌သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသောမြင့်မြတ်သောအတိုင်းအရှည် မရှိသော ရန် မရှိသော ငြိုငြင်ခြင်း မရှိသော လျစ်လျူရှုခြင်း ‘ဥပေက္ခာ’ နှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်လော့’ဟု ဤသို့ ဟောကြားပါကုန်၏။ ငါ့သျှင်တို့ ဤအရာ၌ရဟန်းဂေါတမ၏ တရားဟောခြင်းနှင့် ငါတို့၏ တရားဟောခြင်းသည်လည်းကောင်း၊ ရဟန်းဂေါတမ၏ဆုံးမခြင်းနှင့် ငါတို့၏ ဆုံးမခြင်းသည်လည်းကောင်း အထူးကား အဘယ်နည်း၊ သာလွန်ခြင်းကားအဘယ်နည်း၊ ကွဲပြားချက်ကား အဘယ်နည်းဟု ဤသို့ ပြောဆိုပါကုန်၏။

အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည် သာသနာ့ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကားကို မနှစ်သက်မတားမြစ်ကြမူ၍ ‘မြတ်စွာဘုရား၏ အထံတော်၌ ဤစကား၏ အနက်ကိုသိရကုန်အံ့’ဟု (ကြံစည်ကာ) နေရာမှ ထပြီးလျှင် ဖဲခွါခဲ့ကြပါ၏”ဟု လျှောက်ထားကုန်၏။

ရဟန်းတို့ ဤသို့ ပြောဆိုလေ့ရှိကြကုန်သော သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့ကို ဤသို့ပြောဆိုကုန်ရာ၏ — “ငါ့သျှင်တို့ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မေတ္တာစေတောဝိမုတ္တိ’ ကို အဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင်အလွန် အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ငါ့သျှင်တို့ကရုဏာ နှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ကရုဏာစေတောဝိမုတ္တိ’ ကို အဘယ်သို့ပွါးများ သည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင်အကျိုး ရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ငါ့သျှင်တို့ မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့်နီဝရဏတို့မှ လွတ်မြောက်မှု ‘မုဒိတာစေတောဝိမုတ္တိ’ ကို ပွါးများသည်ရှိသော် အဘယ်လျှင်ဖြစ်ခြင်းရှိသနည်း၊ အဘယ် လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင်ပြီးဆုံးခြင်းရှိသနည်း။ ငါ့သျှင် တို့ ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ့လွတ်မြောက်မှု ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကို ပွါးများ သည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုး ရှိသနည်း၊ အဘယ်လျှင်ပြီးဆုံးခြင်းရှိသနည်း”ဟု ဤသို့ ပြောဆိုမေးမြန်းအပ်ကုန်၏။ ရဟန်တို့ ဤသို့ပြောဆိုအပ်ကုန်သည်ရှိသော် သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့သည် ပြည့်စုံစွာ မဖြေဆိုနိုင်ကုန်လတ္တံ့၊ ထို့ပြင် ပင်ပန်းဆင်းရဲခြင်းသို့လည်း ရောက်ကုန်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ၄င်းတို့၏ အရာ မဟုတ်သောကြောင့်တည်း။

ရဟန်းတို့ ငါဘုရားကိုဖြစ်စေ၊ ငါဘုရား၏ တပည့် ‘သာဝက’ ကိုဖြစ်စေ၊ ဤသာသနာတော်မှကြားနာရသော သူကိုဖြစ်စေ ဖယ်ထား၍ ဤပြဿနာကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သက်စေနိုင်မည့်သူကိုနတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသောလူ့လောက၌ ငါဘုရား မမြင်။

ရဟန်းတို့ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မေတ္တာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် မေတ္တာနှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မေတ္တာနှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံကာ အညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌အောက် မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံကာ အညီအမျှ ရှုလျက် နေနိုင်၏။ တင့်တယ်မှုကို အာရုံ ပြု၍ ဖြစ်သော လွတ်မြောက်ခြင်း ‘သုဘဝိမောက္ခ’ သို့ ရောက်၍ နေ၏။ ရဟန်းတို့အထက်လောကုတ္တရာ တရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မေတ္တာစေတောဝိမုတ္တိ’ ကို တင့်တယ်မှုလျှင် အပြီးအဆုံးရှိ၏ဟုငါဘုရား ဟောတော်မူ၏။ (၁)

ရဟန်းတို့ ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ကရုဏာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသ နည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် သနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောသနားခြင်း ‘ကရုဏာ’ နှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ပ။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့်ပြည့်စုံကာ အညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့်ပြည့်စုံကာ အညီအမျှ ရှုလျက် နေ၏၊ ရုပ်ဟူသောအမှတ် ‘သညာ’ကို လုံးဝလွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ ထိခိုက်မှု ‘ပဋိဃ’ ဟူသောအမှတ် ‘သညာ’ တို့ချုပ်ခြင်းကြောင့်လည်းကောင်း၊ အထူးထူးသောအမှတ် ‘သညာ’ တို့ကိုနှလုံးမသွင်းခြင်းကြောင့်လည်းကောင်း “ကောင်းကင်သည် အဆုံး မရှိ”ဟု (စီးဖြန်းကာ) အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ အထက်လောကုတ္တရာတရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ကရုဏာစေတောဝိမုတ္တိ’ ကို အာကာသာနဉ္စာယတနဈာန်လျှင် အပြီးအဆုံး ရှိ၏ဟု ငါဘုရား ဟော၏။ (၂)

ရဟန်းတို့ မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘မုဒိတာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသနည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဝမ်းမြောက်ခြင်း ‘မုဒိတာ’ နှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ဝမ်းမြောက်ခြင်း ‘မုဒိတာ’နှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ပ။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ နှင့် ပြည့်စုံကာအညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံကာ အညီအမျှရှု၍် နေနိုင်၏။ အာကာသာနဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ “ပဌမာရုပ္ပဝိညာဏ်သည် အဆုံးမရှိ”ဟု (စီးဖြန်းကာ) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့အထက်လောကုတ္တရာတရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ မုဒိတာနှင့် ယှဉ်သောစိတ်ဖြင့် နီဝရဏတို့မှ လွတ် မြောက်မှု ‘မုဒိတာစေတောဝိမုတ္တိ’ကို ဝိညာဏဉ္စာယတနဈာန်လျှင် အပြီးအဆုံးရှိ၏ဟု ငါဘုရား ဟော၏။ (၃)

ရဟန်းတို့ ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကိုအဘယ်သို့ ပွါးများသည်ရှိသော် အဘယ်လျှင် ဖြစ်ခြင်းရှိသနည်း၊ အဘယ်လျှင် အလွန်အမြတ်ရှိသ နည်း၊ အဘယ်လျှင် အကျိုးရှိသနည်း၊ အဘယ်လျှင် ပြီးဆုံးခြင်းရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ညွတ်သောအညီအမျှ ရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သောအညီအမျှ ရှုခြင်း ‘ဥပေက္ခာ’ နှင့် ယှဉ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများ၏။

ထိုရဟန်းသည် စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ်အမှတ်ရှိ၍နေနိုင်၏။ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေနိုင်၏။ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံကာ အညီအမျှ ရှု၍ နေလိုခဲ့မူ ထိုအာရုံ၌ အောက့်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံကာ အညီအမျှ ရှု၍ နေနိုင်၏။ ဝိညာဏဉ္စာယတနဈာန်ကိုလုံးဝ လွန်မြောက်၍ “တစ်စုံတစ်ခုမျှ မရှိ”ဟု (စီးဖြန်းကာ) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ အထက်လောကုတ္တရာတရားကို မသိနိုင်၍ လောကီပညာမျှသာရှိသော ရဟန်း၏ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် နီဝရဏတို့မှ လွတ်မြောက်မှု ‘ဥပေက္ခာစေတောဝိမုတ္တိ’ ကို အာကိဉ္စညာယတနဈာန်လျှင်အပြီးအဆုံး ရှိ၏ဟု ငါဘုရား ဟောတော်မူ၏ဟု (မိန့်တော်မူ၏)။ (၄)

စတုတ္ထသုတ်။