သံယုတ္တနိကာယ်—၄၇

၂—နာလန္ဒဝဂ်

၂—နာလန္ဒသုတ်

၃၇၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာလန္ဒာမြို့ ပါဝါရိကသရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—“သဗ္ဗညုတဉာဏ်တော် ၌ မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာ သိသော မြတ်စွာဘုရားမှအခြား တစ်ပါးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခုအခါ၌လည်း မရှိပါဟု မြတ်စွာဘုရား၌ တပည့်တော် ဤသို့ယုံကြည်ပါ၏”ဟု လျှောက်၏။ သာရိပုတြာ “သဗ္ဗညုတ ဉာဏ်တော်၌ မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာသိသော မြတ်စွာဘုရားမှ အခြား တစ်ပါးသော သမဏ သည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခု အခါ၌လည်း မရှိပါဟု မြတ်စွာဘုရား၌တပည့်တော် ဤသို့ ယုံကြည်ပါ၏”ဟု သင်သည် မြတ်သော ရဲရင့် သော စကားကို ပြော၏၊ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချ၏၊ မြတ်သော ကြုံးဝါးခြင်းကို ကြုံးဝါး၏ဟု (မိန့်တော်မူ၏)။

သာရိပုတြာ ရှေးအခါ၌ ဖြစ်တော်မူခဲ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသော မြတ်စွာဘုရားတို့၏ စိတ်ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့ သီလရှိကုန်ပြီဟုလည်းကောင်း၊ ဤသို့ (သမာဓိ) တရားရှိကုန်ပြီဟုလည်းကောင်း၊ ဤသို့ ပညာရှိကုန်ပြီဟုလည်းကောင်း၊ ဤသို့ နေလေ့ရှိကုန်ပြီဟုလည်းကောင်း၊ ထိုမြတ်စွာဘုရား တို့သည် ဤသို့ (အာသဝတို့မှ) လွတ်မြောက်ကုန်ပြီ”ဟုလည်းကောင်း သင့်စိတ်ဖြင့်ပိုင်းခြား၍ သိ သလော။ အသျှင်ဘုရား ဤသို့ မသိပါ။

သာရိပုတြာ နောင်အခါ၌ ဖြစ်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသော မြတ်စွာဘုရားတို့၏စိတ် ကို “ထိုမြတ်စွာဘုရားတို့သည် ဤသို့ သီလရှိကုန်လတ္တံ့ဟုလည်းကောင်း၊ ဤသို့ (သမာဓိ) တရားရှိကုန် လတ္တံ့ဟုလည်းကောင်း၊ ဤသို့ ပညာရှိကုန်လတ္တံ့ဟုလည်းကောင်း၊ ဤသို့နေလေ့ရှိကုန်လတ္တံ့ဟုလည်းကောင်း၊ ထိုမြတ်စွာဘုရားတို့သည် ဤသို့ (အာသဝတို့မှ) လွတ်မြောက်ကုန်လတ္တံ့”ဟုလည်းကောင်း သင့် စိတ်ဖြင့် ပိုင်းခြား၍ သိသလော။ အသျှင်ဘုရား ဤသို့မသိပါ။

သာရိပုတြာ ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ငါဘုရား၏ စိတ်ကို “မြတ်စွာဘုရားသည် ဤသို့ သီလရှိ၏ဟုလည်းကောင်း၊ ဤသို့ (သမာဓိ) တရားရှိ၏ဟုလည်းကောင်း၊ ဤသို့ ပညာရှိ၏ဟုလည်းကောင်း၊ ဤသို့ နေလေ့ရှိ၏ဟုလည်းကောင်း၊ မြတ်စွာဘုရားသည် ဤသို့ (အာသဝတို့မှ) လွတ်မြောက်၏”ဟုလည်းကောင်း သင့်စိတ်ဖြင့် ပိုင်းခြား၍ သိသလော။ အသျှင်ဘုရား ဤသို့ မသိပါ။

သာရိပုတြာ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့၌ (ပွင့်တော်မူကုန်သည့်) ပူဇော်အထူးကို ခံတော်မူထိုက့်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော ဤမြတ်စွာဘုရားတို့၌ စိတ်ကို ပိုင်းခြား၍ သိနိုင်သော ဉာဏ်သည် သင့်အား မရှိ၊ ထိုသို့ မရှိပါဘဲလျက် “သဗ္ဗညုတဉာဏ်တော်၌မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာ သိသော မြတ်စွာဘုရားမှ အခြား တစ်ပါးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခုအခါ၌လည်းမရှိပါဟု မြတ်စွာဘုရား၌ တပည့်တော် ဤသို့ ယုံကြည်ပါ၏”ဟု သင်သည် မြတ်သော ရဲရင့်သော စကားကို အဘယ်ကြောင့် ပြောဘိသနည်း၊ တစ်ဖက်သတ် ဆုံးဖြတ်ချက် ချဘိသနည်း၊ မြတ်သော ကြုံးဝါးခြင်းကို ကြုံးဝါးဘိသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အတိတ် အနာဂတ် ပစ္စုပ္ပန်တို့၌ (ပွင့်တော်မူကုန်သည့်) ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့၌စိတ်ကို ပိုင်းခြား၍ သိနိုင်သော ဉာဏ်သည် အကျွန်ုပ်အား မရှိပါ၊ သို့သော်လည်း တရားတော်သို့ အစဉ်လိုက်၍ သိရပါ၏။

အသျှင်ဘုရား ဥပမာသော်ကား မင်း၏ တိုင်းစွန်ကျသော မြို့သည် ခိုင်မြဲသော တံတိုင်းခြေ ရှိ၏၊ ခိုင်မြဲသော တံတိုင်းနှင့် တုရိုဏ်တိုင် ရှိ၏၊ တံခါးတစ်ပေါက်သာ ရှိ၏၊ ထိုမြို့၏ တံခါးစောင့်သည်ပညာရှိ၏၊ ကျွမ်းကျင်လိမ္မာ၏၊ ဌာနအားလျော်စွာ သိတတ်သော ပညာရှိ၏၊ မသိသော သူတို့ကိုတားမြစ်၍ သိသော သူတို့ကိုသာ ဝင်စေ၏။ ထိုတံခါးစောင့်သည် ထိုမြို့၏ ပတ်ဝန်းကျင်မှ အစဉ်အတိုင်းလှည့်သွားသော လမ်းသို့ အစဉ်လိုက်သွားသည်ရှိသော် တံတိုင်းအစပ်ကိုလည်းကောင်း၊ တံတိုင်းအပေါက်ကိုလည်းကောင်း အယုတ်ဆုံးအားဖြင့် ကြောင်ထွက်လောက်ရုံ အပေါက်ကိုမျှလည်းမတွေ့မြင်ရာ။ ထိုတံခါးစောင့်အား “ဤ မြို့တွင်းသို့ ဝင်သူ ထွက်သူကြီးမားသော သတ္တဝါအားလုံးတို့သည် ဤတံခါးဖြင့်သာ ဝင်လည်း ဝင်ကုန်၏၊ ထွက်လည်းထွက်ကုန်၏”ဟု အကြံ ဖြစ်ရာ၏။

အသျှင်ဘုရား ထို့အတူပင် တပည့်တော်သည် ရှေးအခါ၌ ပွင့်တော်မူကုန်သော ပူဇော်အထူးကိုခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသောမြတ်စွာဘုရားတို့သည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာတည်စေကုန်လျက် ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ ပွားများ၍ အတုမရှိမြတ်သောအရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိတော်မူကုန်ပြီ။

နောင်အခါ၌ ပွင့်တော်မူကုန်မည့် ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူကုန်သောအလုံးစုံသော မြတ်စွာဘုရားတို့သည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေကုန်လျက် ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာပွားများ၍ အတုမရှိမြတ်သောအရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိတော်မူကုန်လတ္တံ့။

အသျှင်ဘုရား ယခုအခါ၌ ပွင့်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း စိတ်ကို ညစ်ညူးစေတတ်ကုန်သော ပညာကို အားနည်းအောင် ပြုလုပ်တတ်ကုန်သော နီဝရဏငါးပါးတို့ကို ပယ်စွန့်၍ သတိပဋ္ဌာန်လေးပါးတို့၌ စိတ်ကို ကောင်းစွာ တည်စေ၍ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ ပွားများ၍ အတုမရှိမြတ်သောအရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိတော်မူ၏ဟု တရားတော်သို့ အစဉ်လိုက်၍ သိရပါ၏ဟု (လျှောက်၏)။

သာရိပုတြာ ကောင်းပေစွ ကောင်းပေစွ၊ ထို့ကြောင့်ပင် သင်သည် ဤတရားဒေသနာတော်ကို ရဟန်း၊ ့ရဟန်းမ၊ ဥပါသကာ၊ ဥပါသိကာမတို့အား အမြဲမပြတ် ဟောကြားလေလော့။ သာရိပုတြာ မှန်၏၊ ငါဘုရား၌ ယုံမှားခြင်းသည်လည်းကောင်း၊ တွေးတောခြင်းသည်လည်းကောင်း ဖြစ်ကုန်သော (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်ကုန်သော သူတို့သော်မှလည်း ဤတရားဒေသနာကို ကြားနာရသည်ရှိသော် မြတ်စွာဘုရား၌ယုံမှားခြင်းကိုလည်းကောင်း၊ တွေးတောခြင်းကိုလည်းကောင်း ပယ်ဖျောက်နိုင်ပေလတ္တံ့ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။