သံယုတ္တနိကာယ်—၄၇

၂—နာလန္ဒဝဂ်

၅—ဗာဟိယသုတ်

၃၈၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရားတောင်းပန်ပါ၏၊ တပည့်တော်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏”ဟုလျှောက်ထား၏။ ဗာဟိယ သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့၊ ကုသိုလ် တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မတ်သောအယူပင် တည်း။ ဗာဟိယ အကြင်အခါ သင့်အား သီလသည်လည်း စင်ကြယ်ပေလိမ့်မည်၊ အယူသည်လည်း ဖြောင့် မတ်ပေလိမ့်မည်၊ ဗာဟိယ ထိုအခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများလေလော့။

အဘယ်လေးပါးတို့နည်း။ ဗာဟိယ ဤသာသနာတော်၌ သင်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဗာဟိယ အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကိုဤသို့ ပွါးများနိုင်လိမ့်မည်၊ ထိုအခါ ရောက်လာမည့် ညဥ့် နေ့တို့ဝယ် သင့်အား ကုသိုလ်တရားတိုးပွါးခြင်းကိုသာ (မချွတ် ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ် ယုတ်လိမ့်မည်ဟု မမျှော်လင့်အပ်ဟု (မိန့်တော်မူ၏)။

ထိုအခါ အသျှင်ဗာဟိယသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို အလွန်နှစ်သက်ဝမ်းမြောက်လျက် နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုလျက် ဖဲခွါသွားလေ၏။ ထို့နောက် အသျှင်ဗာဟိယသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကုန်သောအမျိုးသားများ လိုလားအပ်သောအတုမရှိသောအကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်အကျိုးကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ အသျှင်ဗာဟိယသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ပဉ္စမသုတ်။