သံယုတ္တနိကာယ်—၄၇

၂—နာလန္ဒဝဂ်

၈—ဗြဟ္မသုတ်

၃၈၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနားဝယ် အဇပါလပညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားအား ဤသို့ အကြံ ဖြစ်တော်မူ၏— ဤခရီးလမ်းသည်သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။

အဘယ်လေးပါးတို့နည်း။ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေ၏။

ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု အကြံဖြစ်တော်မူ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍ အားရှိသောယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကိုကွေးရာသကဲ့သို့လည်းကောင်း ထို့အတူပင် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ မြတ်စွာဘုရား၏ ရှေ့၌ ကိုယ်ထင်ရှားဖြစ်ပေါ်လာ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ပခုံးတစ်ဖက်၌ ကိုယ်ရုံကို တင်လျက် မြတ်စွာဘုရားထံသို့လက်အုပ်ချီကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏— ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏။ အသျှင်ဘုရား ဤခရီးလမ်းသည် သတ္တဝါတို့၏စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်း ကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။

အဘယ်လေးပါးတို့နည်း။ အသျှင်ဘုရား ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

အသျှင်ဘုရား ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကိုလွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်၏။

ဤစကားကို လျှောက်ထားပြီးနောက် တစ်ပါးသော စကားကို လျှောက်ထားပြန်၏—

“ဇာတိ၏ ကုန်ရာ နိဗ္ဗာန်ကို မြင်တော်မူသော (သတ္တဝါတို့၏) အစီးအပွါးကိုအစဉ်စောင့်ရှောက်တော်မူသော မြတ်စွာဘုရားသည် တစ်ကြောင်းတည်းသော (သတိ ပဋ္ဌာန်) လမ်းကိုသိတော်မူ၏၊ ဤသတိပဋ္ဌာန်လမ်းဖြင့် (အရိယာသူတော်ကောင်းတို့ သည်) သတ္တဝါတို့ကိုနစ်မွန်းစေတတ်သော သြဃကို ရှေးကလည်း ကူးမြောက် ကုန်ပြီ၊ (နောင်၌လည်း) ကူးမြောက်ကုန်လတ္တံ့၊ (ယခုလည်း) ကူးမြောက်ဆဲဖြစ်ကုန် ၏“ဟု (လျှောက်၏)။

အဋ္ဌမသုတ်။