သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၂—သတိသုတ်

၃၆၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလိ (ပြည့်တန်ဆာမ) ၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ရဟန်းသည် အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ရှိသည်ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမပင်တည်း။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သတိရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည်ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက် လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသို့ နေလျှင် ရဟန်းသည် သတိရှိပေ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရှေ့သို့ တိုးရာ နောက်သို့ ဆုတ်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာတစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ့်သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက်ပြုလေ့ရှိ၏၊ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာပြောရာ ဆိတ်ဆိတ် နေရာ၌ သိလျက် ပြုလေ့ရှိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိ၏။

ရဟန်းတို့ ရဟန်းသည် သတိသမ္ပဇဉ်ရှိသည် ဖြစ်၍ နေရာ၏၊ ဤသည်ကား သင်တို့အား ငါတို့၏အဆုံးအမပင်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။