သံယုတ္တနိကာယ်—၄၇

၂—နာလန္ဒဝဂ်

၁ဝ—ဇနပဒကလျာဏီသုတ်

၃၈၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် သုမ္ဘတိုင်းသေဒကမည်သော သုမ္ဘတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည်ရဟန်းတို့ကို “ရဟန်းတို့”ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် “အသျှင်ဘုရား”ဟု မြတ်စွာဘုရားအားပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—

ရဟန်းတို့ ဥပမာသော်ကား “ကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်, ကောင်းခြင်း ပြည့်ကြွယ်တိုင်းကြီးမယ်”ဟု (ပြောကြားကာ) များစွာသော လူအပေါင်းသည် စုဝေးရာ၏၊ ထိုကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်သည် ကသည်ရှိသော် ကောင်းမြတ်သော ကိုယ်ဟန်အမူအရာ ရှိရာ၏၊ သီဆိုသည်ရှိသော် ကောင်းမြတ်သော သံနေသံထား အမူအရာ ရှိရာ၏၊ ရဟန်းတို့ “ကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်သည် က၏၊ သီဆို၏”ဟု များစွာသော လူအပေါင်းသည် အတိုင်းထက်အလွန် စုဝေးရာ၏။ ထိုအခါ အသက်ရှင်လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောကျာ်းသည် လာရာ၏၊ ထိုသူအား “အမောင်ယောကျာ်း ဤအနားနှင့်အညီ ပြည့်နေသော ဆီခွက်ကိုပွဲသဘင်ကြီး နှင့် ကောင်းခြင်း ပြည့်ကြွယ် တိုင်းကြီးမယ်၏ အကြားသို့ ဆောင်ယူသွားရမည်၊ ‘ထိုဆီကိုအနည်းငယ်မျှ ကျသောအရပ်၌ပင် သင်၏ ဦးခေါင်းကို ဖြတ်အံ့’ဟု (ပြောကာ) သန်လျက် မိုးနေသောယောကျာ်းသည် လည်း သင်၏ နောက်မှ အစဉ်လိုက်လတ္တံ့”ဟု ဤသို့ ပြောဆိုရာ၏။ ရဟန်းတို့ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ စင်စစ်အားဖြင့် ထိုယောကျာ်းသည် ထိုဆီခွက်ကိုနှလုံးမသွင်းမူ၍ ပြင်ပအာရုံကြောင့် မေ့လျော့ကာ ဆောင်ယူရာသလော။ အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ပါ။

ရဟန်းတို့ အနက်ကို သိစေခြင်းငှါ ဤဥပမာကို ငါ ပြု၏၊ ဤဆိုလတ္တံ့သည်ကား ဤအရာ၌ အနက်ပေတည်း၊ ရဟန်းတို့ “အနားနှင့်အညီ ပြည့်နေသော ဆီခွက်”ဟူသောအမည်သည် ကာယဂတာသတိ၏အမည်တည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်— “ငါတို့သည် ကာယဂတာသတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ် ယာဉ်ကဲ့သို့ ပြုအပ် တည်ရာသကဲ့သို့ ပြုအပ် အဖန်ဖန်တည်စေအပ် အဖန်ဖန် လေ့ကျင့်အပ် ကောင်းစွာ အားထုတ်အပ်သည် ဖြစ်လတ္တံ့”။ ရဟန်းတို့ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် နာလန္ဒဝဂ် ပြီး၏။