သံယုတ္တနိကာယ်—၄၇

၃—သီလဋ္ဌိတိဝဂ်

၁—သီလသုတ်

၃၈၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ဘဒ္ဒ သည်ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေကြကုန်၏၊ ထိုအခါ အသျှင်ဘဒ္ဒသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော်အသျှင်အာနန္ဒာ အား— “ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ဟောတော်မူကုန်သော ကုသိုလ်သီလတို့သည်အဘယ်အကျိုး ရှိပါ ကုန်သနည်း”ဟု ဆို၏။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ပြဿနာရှာခြင်းသည် ကောင်းပေ၏၊ သင်၏ စုံစမ်းခြင်း ဉာဏ်အမြင်သည် ကောင်းပေ၏၊ သင်၏ ဆွေးနွေးမေးမြန်းခြင်းသည် ကောင်းပေ၏။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ဟောတော်မူကုန်သော ကုသိုလ်သီလတို့သည်အဘယ်အကျိုး ရှိပါကုန်သနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်ပါလောဟု (ဆို၏)။ ငါ့သျှင်အာနန္ဒာဟုတ်ပါ၏ဟု (ဆို၏)။ ငါ့သျှင်ဘဒ္ဒ မြတ်စွာဘုရား ဟောတော်မူကုန်သော ကုသိုလ်သီလတို့ကို သတိပဋ္ဌာန်လေးပါးတို့ကို အလွန်ပွါးများခြင်းငှါ မြတ်စွာဘုရား ဟောတော်မူကုန်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ငါ့သျှင်ဘဒ္ဒ မြတ်စွာဘုရားဟောတော်မူကုန်သော ကုသိုလ်သီလ တို့ကို ဤသတိပဋ္ဌာန်လေးပါးတို့ကို အလွန်ပွါးများခြင်းငှါမြတ်စွာဘုရား ဟောတော်မူကုန်၏ဟု (မိန့်ဆို ၏)။

ပဌမသုတ်။