သံယုတ္တနိကာယ်—၄၇

၃—သီလဋ္ဌိတိဝဂ်

၂—စိရဋ္ဌိတိသုတ်

၃၈၈။ ထိုနိဒါန်းပင်တည်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်ဘဒ္ဒသည် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏—“ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်ခြင်း၏အကြောင်းအထောက်အပံ့ ကား အဘယ်ပါနည်း”ဟု (လျှောက်၏)။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ပြဿနာရှာခြင်းသည် ကောင်းပေ၏၊ သင်၏ စုံစမ်းခြင်း ဉာဏ်အမြင်သည် ကောင်းပေ၏၊ သင်၏ ဆွေးနွေးမေးမြန်းခြင်းသည် ကောင်းပေ၏။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည် မဟုတ်ပါလောဟု (ဆို၏)။ ငါ့သျှင် (အာနန္ဒာ)ဟုတ်ပါ၏။ ငါ့သျှင်ဘဒ္ဒ သတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာမပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာမတည်၊ သတိပဋ္ဌာန်လေးပါး တို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိ သော် သူတော်ကောင်းတရား ကြာရှည်စွာ တည်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိ သည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင်ဘဒ္ဒ ဤသတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့်မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ မတည်၊ ဤသတိပဋ္ဌာန် လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူ သည်ရှိသော် သူတော်ကောင်းတရား ကြာရှည်စွာ တည်၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်။