သံယုတ္တနိကာယ်—၄၇

၃—သီလဋ္ဌိတိဝဂ်

၃—ပရိဟာနသုတ်

၃၈၉။ အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ဘဒ္ဒသည် ပါဋလိပုတ်ပြည် ကုက္ကုဋာရုံကျောင်း၌ (သီတင်းသုံး) နေကြကုန်၏၊ ထိုအခါ အသျှင်ဘဒ္ဒသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကို ဆို၏ —“ငါ့သျှင် အာနန္ဒာ သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ ငါ့သျှင် အာနန္ဒာ သူတော်ကောင်းတရား မဆုတ်ယုတ်ခြင်း အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်း”ဟု (ဆို၏)။

ငါ့သျှင်ဘဒ္ဒ ကောင်းပေစွ ကောင်းပေစွ၊ ငါ့သျှင်ဘဒ္ဒ သင်၏ ပြဿနာရှာခြင်းသည် ကောင်းပေ၏၊ သင်၏ စုံစမ်းခြင်း ဉာဏ်အမြင်သည် ကောင်းပေ၏၊ သင်၏ ဆွေးနွေးမေးမြန်းခြင်းသည် ကောင်းပေ၏။ ငါ့သျှင်ဘဒ္ဒ သင်သည် “ငါ့သျှင်အာနန္ဒာ သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း၏အကြောင်းအထောက်အပံ့ ကား အဘယ်ပါနည်း၊ ငါ့သျှင်အာနန္ဒာ သူတော်ကောင်းတရားမဆုတ်ယုတ်ခြင်း၏ အကြောင်းအထောက် အပံ့ကား အဘယ်ပါနည်း”ဟု ဤသို့ မေးမြန်းသည်မဟုတ်ပါလောဟု (ဆို၏)။ ငါ့သျှင် (အာနန္ဒာ)ဟုတ် ပါ၏။ ငါ့သျှင်ဘဒ္ဒ သတိပဋ္ဌာန်လေးပါးတို့ကိုမပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့် သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း ဖြစ်၏၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန် များစွာ ပြုလုပ်ခြင်းကြောင့်သူတော်ကောင်းတရား မဆုတ်ယုတ်ခြင်း ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက် မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင် ဤသတိပဋ္ဌာန်လေးပါးတို့ကို မပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ မပြုလုပ်ခြင်းကြောင့်သူတော်ကောင်းတရား ဆုတ်ယုတ်ခြင်း ဖြစ်၏၊ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် သူတော်ကောင်းတရား မဆုတ်ယုတ်ခြင်း ဖြစ်၏ဟု (မိန့်ဆို၏)။

တတိယသုတ်။