သံယုတ္တနိကာယ်—၄၇

၃—သီလဋ္ဌိတိဝဂ်

၆—ပဒေသသုတ်

၃၉၂။ အခါတစ်ပါး၌ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်နှင့် အသျှင်အနုရုဒ္ဓါတို့သည်သာကေတမြို့ ကဏ္ဍကီတော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင့်မဟာမောဂ္ဂလာန်တို့သည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူခဲ့ကုန်၍ အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်ကုန်လျက် အသျှင်အနုရုဒ္ဓါနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်သာရိပုတြာသည်အသျှင် အနုရုဒ္ဓါအား ဤစကားကို ဆို၏—“ငါ့သျှင်အနုရုဒ္ဓါ ‘သေခပုဂ္ဂိုလ် သေခပုဂ္ဂိုလ်’ဟု ဆို၏၊ ငါ့သျှင်အဘယ်မျှ ဖြင့် ‘သေခပုဂ္ဂိုလ်’ ဖြစ်ပါသနည်း”ဟု (ဆို၏)။ ငါ့သျှင် သာရိပုတြာ သတိပဋ္ဌာန်လေးပါးတို့ကိုတစ်စိတ် တစ်ဒေသမျှ ပွါးများခြင်းကြောင့် ‘သေခပုဂ္ဂိုလ်’ ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင် ဤသတိပဋ္ဌာန်လေးပါးတို့ကို တစ်စိတ်တစ်ဒေသမျှ ပွါးများခြင်းကြောင့် ‘သေခပုဂ္ဂိုလ်’ ဖြစ်၏ဟု (ဖြေဆို၏)။

ဆဋ္ဌသုတ်။