သံယုတ္တနိကာယ်—၄၇
၃—သီလဋ္ဌိတိဝဂ်
၇—သမတ္တသုတ်
၃၉၃။ ထိုနိဒါန်းပင်တည်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား ဤစကားကို ဆို၏— “ငါ့သျှင်အနုရုဒ္ဓါ ‘အသေခပုဂ္ဂိုလ် အသေခပုဂ္ဂိုလ်’ဟု ဆို၏၊ ငါ့သျှင်အဘယ်ကြောင့် ‘အသေခပုဂ္ဂိုလ်’ ဖြစ်ပါသနည်း”ဟု (ဆို၏)။ ငါ့သျှင်သာရိပုတြာ သတိပဋ္ဌာန်လေးပါးတို့ကို အပြည့်အစုံ ပွါးများခြင်းကြောင့် ‘အသေခပုဂ္ဂိုလ်’ ဖြစ်၏။
အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက် မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။
ငါ့သျှင် ဤသတိပဋ္ဌာန်လေးပါးတို့ကို အပြည့်အစုံ ပွါးများခြင်းကြောင့် ‘အသေခပုဂ္ဂိုလ်’ ဖြစ်၏ဟု (ဖြေဆို၏)။
သတ္တမသုတ်။