သံယုတ္တနိကာယ်—၄၇

၃—သီလဋ္ဌိတိဝဂ်

၈—လောကသုတ်

၃၉၄။ ထိုနိဒါန်းပင်တည်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသောအသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား ဤစကားကို ဆို၏—“ငါ့သျှင်အနုရုဒ္ဓါ အဘယ်တရားတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်နှင့် ပြည့်စုံခြင်းသို့ ရောက်ပါသနည်း”ဟု (ဆို၏)။ ငါ့သျှင်သာရိပုတြာ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်နှင့် ပြည့်စုံခြင်းသို့ ရောက်၏။

အဘယ်လေးပါးတို့နည်း။ ငါ့သျှင် ဤသာသနာတော်၌ ငါသည် ပြင်းစွာ အားထုတ်သော လုံ့လရှိ သည့်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိ သည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ငါ့သျှင် ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်သောအဘိညာဉ်နှင့် ပြည့်စုံခြင်းသို့ ရောက်ခဲ့၏။ ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်းကြောင့် ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် လောကတစ်ထောင်ကို ထူးသော ဉာဏ်ဖြင့် သိ၏ဟု (ဖြေဆို၏)။

အဋ္ဌမသုတ်။