သံယုတ္တနိကာယ်—၄၇

၃—သီလဋ္ဌိတိဝဂ်

၉—သိရိဝဎ္ဍသုတ်

၃၉၅။ အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သိရိဝဎ္ဍသူကြွယ်သည် အနာရောဂါ နှိပ်စက်ရကားဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်နေ၏၊ ထိုအခါ သိရိဝဎ္ဍသူကြွယ်သည် ယောကျာ်းတစ်ယောက်ကို ပြောကြား၏—“အမောင်ယောကျာ်း လာလော့၊ သင်သည် အသျှင်အာနန္ဒာထံသို့ချဉ်းကပ်၍ ငါ၏ စကားဖြင့် အသျှင် အာနန္ဒာ၏ ခြေတော်တို့ကို ဦးခိုက်ပါလော့၊ ‘အသျှင်ဘုရားသိရိဝဎ္ဍသူကြွယ်သည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်နေပါ၏၊ ထို သူကြွယ်သည် အသျှင်အာနန္ဒာ၏ ခြေတော်တို့ကို ဦးခိုက်ပါ၏’ဟု လျှောက်လော့၊ အသျှင်ဘုရား တောင်း ပန်ပါ၏ ‘အသျှင်အာနန္ဒာသည် အစဉ်သနားသည်ကို အကြောင်းပြု၍သိရိဝဎ္ဍသူကြွယ်၏ အိမ်သို့ ချဉ်းကပ် တော်မူပါ’ဟု ဤသို့လည်း လျှောက်လော့”ဟု (ပြောကြား၏)။

ထိုယောကျာ်းသည် “အသျှင် ကောင်းပါပြီ”ဟု သိရိဝဎ္ဍသူကြွယ်အား ဝန်ခံပြီးနောက် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာအား ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား သိရိဝဎ္ဍသူကြွယ်သည် အနာရောဂါ နှိပ်စက်ရကားဆင်းရဲ ခြင်းသို့ ရောက်လျက် ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ ထိုသူကြွယ်သည် အသျှင်အာနန္ဒာ၏ခြေတော် တို့ကို ဦးခိုက်ပါ၏၊ အသျှင်ဘုရား တောင်းပန်ပါ၏ ‘အသျှင်အာနန္ဒာသည် အစဉ်သနားသည်ကိုအကြောင်း ပြု၍ သိရိဝဎ္ဍသူကြွယ်၏ အိမ်သို့ ချဉ်းကပ်တော်မူပါ’ဟု ဤသို့လည်း လျှောက်လိုက်ပါ၏”ဟုလျှောက်၏။ အသျှင်အာနန္ဒာသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် အသျှင်အာနန္ဒာသည် နံနက်အချိန် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် သိရိဝဎ္ဍသူကြွယ်၏ နေအိမ်သို့ ချဉ်းကပ်ကာ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၍ သိရိဝဎ္ဍသူကြွယ်ကို “သူကြွယ် သင် ခန့်ကျန်းပါ၏လော၊ မျှတပါ၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်ပါကုန်၏လော၊ မတိုးပွါးဘဲ ရှိပါကုန်၏လော၊ ဆင်းရဲဝေဒနာတို့သည် ဆုတ်ယုတ်၏ဟု ထင်ပါ၏လော၊ တိုးပွါး၏ဟု မထင်ဘဲ ရှိပါ၏လော”ဟု မေးတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲဝေဒနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည် တိုးပွါး၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါဟု (လျှောက်၏)။

သူကြွယ် သို့ဖြစ်လျှင် သင်သည် ဤသို့ ကျင့်ရမည်—“ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေအံ့။ ဝေဒနာတို့၌။ပ။

စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေအံ့”ဟု သင်သည် ဤသို့လျှင် ကျင့်ရမည်ဟုမိန့်တော်မူ၏။

အသျှင်ဘုရား မြတ်စွာဘုရား ဟောကြားတော်မူကုန်သော သတိပဋ္ဌာန်လေးပါးတို့သည် ရှိပါကုန်၏၊ ထိုတရားတို့သည်လည်း အကျွန်ုပ်၌ ရှိပါကုန်၏၊ အကျွန်ုပ်သည်လည်း ထိုတရားတို့၌ ကောင်းစွာ ထင်မြင်ပါ၏။ အသျှင်ဘုရား မှန်ပါ၏၊ အကျွန်ုပ်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေပါ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေပါ၏။ အသျှင်ဘုရားမြတ်စွာဘုရား ဟောကြားအပ်ကုန်သော အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တွင် မိမိကိုယ်၌မပယ်ရသေးသော သံယောဇဉ်တစ်စုံတစ်ခုကိုမျှ အကျွန်ုပ် မမြင်ရပါဟု လျှောက် ၏။ သူကြွယ် သင်သည် (လူ့ဘဝကို) အရတော်ပေစွ၊ သင်သည် (လူ့ဘဝကို) ကောင်းစွာ ရအပ်ပေစွ၊ သူကြွယ် သင်သည်အနာဂါမိဖိုလ်ကို ဖြေကြားနိုင်၏ဟု (မိန့်ဆို၏)။

နဝမသုတ်။