သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၃—ဘိက္ခုသုတ်

၃၆၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့်တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်သည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏”ဟု (လျှောက်၏)။ ဤလောက၌ အချို့သော (မဂ်ဖိုလ်မှ) အချည်းနှီးသော ယောကျာ်းတို့သည် ဤကဲ့သို့ပင် ငါဘုရားကို တိုက်တွန်းကြကုန်၏၊ တရားတော်ကိုဟောသည်ရှိသော် ငါဘုရား (နောက်) သို့သာ အစဉ်လိုက်သင့်၏ဟု မှတ်ထင်ကြကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားတော်ကို ဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်၏ အနက်ကို သိနိုင်ကောင်းတန်ရာပါ၏၊ တပည့်တော်သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်၏အမွေခံဖြစ်နိုင်ကောင်းတန် ရာပါ၏ဟု (လျှောက်ပြန်၏)။ ရဟန်း သို့ဖြစ်လျှင် သင်သည်ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင် လော့၊ ကုသိုလ်တရားတို့၌ အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မတ်သောအယူပင်တည်း။ ရဟန်း အကြင်အခါ သင့်အားသီလသည်လည်း စင်ကြယ်ပေလိမ့်မည်၊ အယူသည်လည်း ဖြောင့်မတ်ပေလိမ့်မည်၊ ရဟန်း ထိုအခါသင်သည် သီလကို မှီ၍ သီလ၌ တည်၍ သတိပဋ္ဌာန်လေးပါး တို့ကို သုံးပါးသောအဖို့အစုအားဖြင့်ပွါးများလေလော့။

အဘယ်လေးပါးတို့နည်း။ ရဟန်း ဤသာသနာတော်၌ သင်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်၌ ဖြစ်သော ရုပ်အပေါင်း၌မူလည်းရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေလော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့ မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် အပသန္တာန်၌ ဖြစ်သော ရုပ် အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေလော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမန ဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်အပသန္တာန်၌ ဖြစ်သော ရုပ်အပေါင်း၌မူလည်း ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလော့။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည့်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်၌ ဖြစ်သောဝေဒနာတို့၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော ဝေဒနာတို့၌လည်းကောင်း၊ အတွင်းသန္တာန်အပသန္တာန်၌ ဖြစ်သော ဝေဒနာတို့၌လည်းကောင်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ပြင်းစွာ အားထုတ် သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက်အတွင်းသန္တာန်၌ ဖြစ်သော စိတ်၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော စိတ်၌လည်းကောင်း၊ အတွင်းသန္တာန် အပသန္တာန်၌ ဖြစ်သော စိတ်၌လည်းကောင်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် အတွင်းသန္တာန်၌ဖြစ်သော သဘောတရားတို့၌လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော သဘောတရားတို့၌လည်းကောင်း၊ အတွင်းသန္တာန် အပသန္တာန်၌ ဖြစ်သော သဘောတရားတို့၌လည်းကောင်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေလော့။

ရဟန်း အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကို ဤသုံးပါးသောအဖို့အစုအားဖြင့် ပွါးနိုင်လိမ့်မည်၊ ထိုအခါ ရောက်လာမည့် ညဥ့်နေ့တို့ဝယ် သင့်အားကုသိုလ် တရားတို့၌ တိုးပွါးခြင်းကို (မချွတ် ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ခြင်းကိုမမျှော်လင့်အပ်။

ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို အလွန် နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ဖဲသွားလေ၏။ ထို့နောက်ထို ရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်သည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်လျက် နေလတ်သော် ကောင်းစွာသာလျှင် လူ့ဘောင်မှရဟန်း ဘောင်သို့ ဝင်ရောက်ရဟန်းပြုသောအမျိုးသားများ လိုလားအပ်သောအတုမရှိသောအကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကိုကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏၊ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေ၏။

တတိယသုတ်။