သံယုတ္တနိကာယ်—၄၇

၃—သီလဋ္ဌိတိဝဂ်

၁ဝ—မာနဒိန္နသုတ်

၃၉၆။ ထိုနိဒါန်းပင်တည်း။ ထိုအခါ မာနဒိန္နသူကြွယ်သည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ရောက်လျက် ပြင်းထန်စွာ မကျန်းမမာဖြစ်နေ၏၊ ထိုအခါ မာနဒိန္နသူကြွယ်သည် ယောကျာ်းတစ်ယောက်ကိုပြောကြား၏— “အမောင်ယောကျာ်း လာလော့။ပ။” အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ ဆင်းရဲဝေဒနာတို့သည် တိုးပွါးပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ ဆင်းရဲဝေဒနာတို့သည်တိုးပွါး၏ဟု ထင်ပါ၏၊ ဆုတ်ယုတ်၏ဟု မထင်ပါ။

အသျှင်ဘုရား တပည့်တော်သည် ဤသို့ သဘောရှိသော ဆင်းရဲဝေဒနာကို တွေ့ရပါသော်လည်း ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေပါ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေပါ၏။

အသျှင်ဘုရား မြတ်စွာဘုရား ဟောထားတော်မူသော အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တွင် မိမိကိုယ်၌ မပယ်ရသေးသော သံယောဇဉ်တစ်စုံတစ်ခုကိုမျှ အကျွန်ုပ် မမြင်ရပါဟု လျှောက်၏။ သူကြွယ်သင်သည် (လူ့ဘဝကို) အရတော်ပေစွ၊ သင်သည် (လူ့ဘဝကို) ကောင်းစွာ ရအပ်ပေစွ၊ သူကြွယ် သင်သည် အနာဂါမိဖိုလ်ကို ဖြေကြားနိုင်၏ဟု (မိန့်ဆို၏)။

ဒသမသုတ်။

သုံးခုမြောက် သီလဋ္ဌိတိဝဂ် ပြီး၏။