သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၄—သာလသုတ်

၃၇ဝ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်း သာလမည်သော ပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ပ။ ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့ သင်တို့သည် ရဟန်းပြု၍ မကြာမြင့်သေးမူ၍ ဤသာသနာတော်သို့ ယခုပင် (မကြာသေးမီက) ရောက်လာကြကုန်သော ရဟန်းသစ်တို့အား သတိပဋ္ဌာန်လေးပါးတို့ကို ပွားများရန် ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊

ငါ့သျှင်တို့ လာကြကုန်လော့၊ သင်တို့သည် ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ရုပ်အပေါင်းကိုဟုတ်တိုင်းမှန်စွာ သိခြင်းငှါ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်လော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့်ကြည် လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ဝေဒနာတို့ကိုဟုတ် တိုင်းမှန်စွာ သိခြင်းငှါ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေကြကုန်လော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက်တစ်ခုတည်းသောအာရုံ၌ တည် ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ်တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ် ၍ စိတ်ကိုဟုတ်တိုင်းမှန်စွာ သိခြင်းငှါ စိတ်၌ စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်လော့။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည် ကာ အထူးသဖြင့်ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ် ၍သဘောတရားတို့ကိုဟုတ်တိုင်းမှန်စွာ သိခြင်းငှါ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်လော့ဟု ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

ရဟန်းတို့ ကျင့်ဆဲ ‘သေက္ခ’ပုဂ္ဂိုလ် ဖြစ်ကုန်၍ အရဟတ္တဖိုလ်သို့ မရောက်ကုန်သေးမူ၍ ယောဂတို့၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်ကို တောင့်တလျက် နေကြသူ ရဟန်းတို့သည်လည်း ပြင်းစွာအားထုတ် သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာအထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ရုပ်အပေါင်းကို ပိုင်းခြား၍ သိခြင်းငှါ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သောစိတ်ရှိကုန်သည် ဖြစ်၍ ဝေဒနာတို့ကို ပိုင်းခြား၍ သိခြင်းငှါ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေကုန် ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့်ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ စိတ်ကိုပိုင်းခြား၍ သိခြင်းငှါ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကုန်၏။ ပြင်းစွာအားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာအထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍သဘောတရားတို့ကို ပိုင်းခြား၍ သိခြင်းငှါ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိ သည် ဖြစ်၍ နေကြကုန်၏။

ရဟန်းတို့ အာသဝတရား ကုန်ပြီးသူ၊ ကျင့်သုံးပြီးသော မဂ်အကျင့်ရှိသူ၊ ပြုဖွယ်မဂ်ကိစ္စကို ပြုပြီးသူ၊ ခန္ဓာဝန်ကို ချထားပြီးသူ၊ မိမိ၏ အကျိုးသို့ ရောက်ပြီးဖြစ်သူ၊ ဘဝကို တပ်မက်တတ်သည့် နှောင်ကြိုး ‘ဘဝသံယောဇဉ်’ ကုန်ပြီးသူ၊ ကောင်းစွာ သိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသူ ထိုရဟန္တာဖြစ်သောရဟန်းတို့သည်လည်း ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ရုပ်အပေါင်းနှင့် မစပ်ယှဉ်မူ၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ်တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ ဝေဒနာနှင့် မစပ်ယှဉ်မူ၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေကြကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’့ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့် ကြည်လင်သောစိတ် ကောင်းစွာထားသော စိတ် တည်ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍ စိတ်နှင့် မစပ်ယှဉ်မူ၍ စိတ်၌ စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိ သည် ဖြစ်၍ နေကြကုန်၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိကုန်ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိကုန်လျက် တစ်ခုတည်းသောအာရုံ၌ တည်ကာ အထူးသဖြင့်ကြည်လင်သောစိတ် ကောင်းစွာ ထားသောစိတ် တည် ကြည်သော စိတ်ရှိကုန်သည် ဖြစ်၍သဘောတရားတို့နှင့် မစပ်ယှဉ်မူ၍ သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေကြကုန်၏။

ရဟန်းတို့ သင်တို့သည် ရဟန်းပြု၍ မကြာမြင့်သေးမူ၍ ဤသာသနာတော်သို့ ယခုပင် (မကြာသေးမီက) ရောက်လာကြကုန်သော ရဟန်းသစ်တို့ကိုလည်း ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရန်ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။