သံယုတ္တနိကာယ်—၄၇

၄—အနနုဿုတဝဂ်

၁ဝ—ဝိဘင်္ဂသုတ်

၄ဝ၆။ ရဟန်းတို့ သတိပဋ္ဌာန်ကိုလည်းကောင်း၊ သတိပဋ္ဌာန်ပွါးများခြင်းကိုလည်းကောင်း၊ သတိပဋ္ဌာန်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်းကောင်း သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြ ကုန်လော့။

ရဟန်းတို့ သတိပဋ္ဌာန်ကား အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို သတိပဋ္ဌာန်ဟုဆိုအပ်၏။

ရဟန်းတို့ သတိပဋ္ဌာန်ပွါးများခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း သည်ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌ဖြစ်ခြင်း သဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဝေဒနာတို့၌ ပျက်ခြင်းသဘောကိုအကြိမ်ကြိမ်ရှု လေ့ရှိသည် ဖြစ်၍ နေ၏၊ ဝေဒနာတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ စိတ်၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ ဖြစ်ခြင်းသဘောကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို သတိပဋ္ဌာန် ပွါးများခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ သတိပဋ္ဌာန်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ပင်တည်း။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်သည် အဘယ်နည်း၊ မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သောအကြံ ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သော စကား ‘သမ္မာဝါစာ’၊ မှန်ကန်သောအလုပ် ‘သမ္မာကမ္မန္တ’၊ မှန်ကန်သောအသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သောအားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ တို့တည်း။ ရဟန်းတို့ဤအရိယမဂ်ကို သတိပဋ္ဌာန်ပွါးများခြင်းသို့ ရောက်ကြောင်းအကျင့်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

လေးခုမြောက် အနနုဿုတဝဂ် ပြီး၏။