သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၃—မဂ္ဂသုတ်

၄ဝ၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏— ရဟန်းတို့ အခါတစ်ပါး၌ ငါဘုရားသည် ဘုရားဖြစ်တော်မူစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနားဝယ် အဇပါလပညောင်ပင်ရင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေသော ငါ့အား ဤသို့ အကြံ ဖြစ်၏— ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန်နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်း။ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ် အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ရဟန်းသည်ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ရဟန်းသည်စိတ်၌မူလည်း စိတ်ကို အကြိမ် ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက် လျက် သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။

ဤလမ်းခရီးသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့တည်းဟုအကြံ ဖြစ်၏။

ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ငါ၏ စိတ်အကြံကို (သူ၏) စိတ်ဖြင့် သိ၍ အားရှိသောယောကျာ်းသည် ကွေးသော လက်မောင်းကို ဆန့်ရာသကဲ့သို့လည်းကောင်း၊ ဆန့်သော လက်မောင်းကိုကွေးရာသကဲ့သို့လည်းကောင်း ထို့အတူပင် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ ငါ၏ ရှေ့၌ (ကိုယ်) ထင်ရှားဖြစ်ပေါ်လာ ၏။ ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ပခုံးတစ်ဖက်၌ ကိုယ်ရုံကို တင်လျက်ငါဘုရားထံသို ့ လက် အုပ်ချီ၍ ငါဘုရားအား ဤစကားကို လျှောက်၏— ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤစကား သည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ အသျှင်ဘုရား ဤလမ်းခရီးသည် သတ္တဝါတို့၏စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့တည်း။

အဘယ်လေးပါးတို့နည်း။ အသျှင်ဘုရား ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ ဝေဒနာတို့၌မူလည်း။ပ။

စိတ်၌မူလည်း။ပ။ အသျှင်ဘုရား ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို့ပယ်ဖျောက်လျက် သဘော တရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေရာ၏။

အသျှင်ဘုရား ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကိုလွန်မြောက်ရန် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပါတည်းဟု သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်၏။

ဤစကားကို လျှောက်ပြီးနောက် တစ်ပါးသော ဤဂါထာကို လျှောက်ပြန်၏—

“ဇာတိ၏ ကုန်ရာ (နိဗ္ဗာန်) ကို မြင်တော်မူသော သတ္တဝါတို့၏ စီးပွါးကို အစဉ်စောင့် ရှောက်တော်မူသော မြတ်စွာဘုရားသည် တစ်ကြောင်းတည်းသော (သတိပဋ္ဌာန်) လမ်းကို သိတော်မူ၏၊ ဤသတိပဋ္ဌာန်လမ်းဖြင့် (အရိယာ သူတော်ကောင်းတို့သည်) သတ္တဝါတို့ကို နစ်မွန်းစေတတ်သော သြဃကိုရှေးက လည်း ကူးမြောက်ကုန်ပြီ၊ (နောက်၌လည်း) ကူးမြောက်ကုန်လတ္တံ့၊ (ယခုလည်း) ကူးမြောက်ဆဲဖြစ်ကုန်၏”ဟု (လျှောက်ထားလေ၏)။

တတိယသုတ်။