သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၅—ကုသလရာသိသုတ်

၄၁၁။ ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ သတိပဋ္ဌာန်လေးပါးတို့ကို ဆိုရာ၏။ ရဟန်းတို့ မှန်၏၊ ဤသတိပဋ္ဌာန်လေးပါးတို့သည် ကုသိုလ်အစု သက်သက်သာ ဖြစ်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ ဤသတိပဋ္ဌာန်လေးပါးတို့ကို သာဆိုရာ၏။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးတို့သည် ကုသိုလ်အစု သက်သက်သာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။