သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၆—ပါတိမောက္ခသံဝရသုတ်

၄၁၂။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ပါးတည်းဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာ အားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ နေလိုပါ၏ဟု (လျှောက်၏)။ ရဟန်း သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ရဟန်း ဤသာသနာတော်၌ သင်သည် ပါတိမောက္ခသံဝရသီလကို စောင့်စည်း၍ နေလော့၊ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’ နှင့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ်မျှသောအပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍ နေလော့၊ သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်လော့။ ရဟန်း အကြင်အခါ သင်သည်ပါတိမောက္ခသံဝရသီလကို စောင့်စည်းသည် ဖြစ်၍ အကျင့် ‘အာစာရ’ ကျက်စားရာ ‘ဂေါစရ’နှင့်ပြည့်စုံသည် ဖြစ်၍ အနည်းငယ်မျှ သောအပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍နေလိမ့်မည်၊ သိက္ခာပုဒ်တို့ကို ဆောက်တည်၍ ကျင့်လိမ့်မည်၊ ထိုအခါ သင်သည် သီလကို မှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရာ၏ (ပွါးများလော့)။

အဘယ်လေးပါးတို့နည်း။ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက် မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ရဟန်း အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကိုဤသို့ ပွါးများလတ္တံ ့၊ ထိုအခါ သင့်အား ရောက်လာသော ညဥ့်နေ့တို့ဝယ် ကုသိုလ်တရားတို့၌တိုးပွားခြင်းကိုသာ (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ် ယုတ်ခြင်းကို မမျှော်လင့်အပ်ဟု (မိန့်တော်မူ၏)။ ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရား ဟောကြားအပ် သော တရားတော်ကိုအလွန်နှစ်သက်ဝမ်းမြောက်ကာ နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရို အသေပြုကာဖဲခွါသွားလေ၏။

ထို့နောက် ထိုရဟန်းသည် တစ်ဦးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလတ်သော် ကောင်းစွာသာလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ကုန်သောအမျိုးသားများ လိုလားအပ်သောအတုမရှိသောအကျင့်မြတ်၏ အဆုံးဖြစ်သောအရဟတ္တဖိုလ်အကျိုးကို မကြာမီ မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ”ဟု သိ၏၊ ထိုရဟန်းသည် လည်း ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။