သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၇—ဒုစ္စရိတသုတ်

၄၁၃။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်အားမြတ်စွာဘုရားသည် အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို ကြားနာရသည်ရှိသော် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ နေလိုပါ၏ဟု (လျှောက်၏)။ ရဟန်း သို့ဖြစ်လျှင် သင်သည် ကုသိုလ်တရားတို့၌ အစကိုပင် သုတ်သင်လော့။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ရဟန်း ဤသာသနာတော်၌ သင်သည် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွါးများလတ္တံ ့၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွါးများလတ္တံ ့၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက် ပွါးများလတ္တံ့။ ရဟန်း သင်သည် အကြင်အခါ ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွါးများလတ္တံ့၊ ဝစီဒုစရိုက်ကိုပယ်၍ ဝစီသုစရိုက်ကို ပွါးများလတ္တံ့၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွါးများလတ္တံ့၊ ထိုအခါသင်သည် သီလကို မှီ၍ သီလ၌ တည်၍ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရာ၏ (ပွါးများလေလော့)။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေလော့။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက် မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေလော့။ ရဟန်း အကြင်အခါ သင်သည် သီလကို မှီ၍ သီလ၌ တည်၍ ဤသတိပဋ္ဌာန်လေးပါးတို့ကိုပွါးများလတ္တံ့၊ ထိုအခါ သင့်အား ရောက်လာသော ညဥ့်နေ့ တို့ဝယ် ကုသိုလ်တရားတို့၌တိုးပွားခြင်းကိုသာ (မချွတ်ရလိမ့်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်ခြင်းကို မမျှော်လင့်အပ်ဟု (မိန့်တော်မူ၏)။ပ။ ထိုရဟန်းသည်လည်း ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

သတ္တမသုတ်။