သံယုတ္တနိကာယ်—၄၇

၅—အမတဝဂ်

၈—မိတ္တသုတ်

၄၁၄။ ရဟန်းတို့ သင်တို့သည် အစဉ်သနားစောင့်ရှောက်ထိုက်ကုန်သော မိမိစကားကို နာယူလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေ ခင်ပွန်း ဆွေမျိုး သားချင်းတို့အား သတိပဋ္ဌာန်လေးပါးတို့ကိုပွါးများရန် ဆောက်တည်စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

အဘယ်လေးပါးတို့နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သောလုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာ တို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။

ရဟန်းတို့ သင်တို့သည် အစဉ်သနားစောင့်ရှောက်ထိုက်ကုန်သော မိမိစကားကို နာယူလိမ့်မည်ဟုမှတ်ထင်ရကုန်သော မိတ်ဆွေ ခင်ပွန်း ဆွေမျိုး သားချင်းတို့အား ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရန့်ဆောက်တည် စေအပ်ကုန်၏၊ သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။