သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၅—အကုသလရာသိသုတ်

၃၇၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရဟန်းတို့”အကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ နီဝရဏငါးပါးတို့ကို ဆိုရာ၏၊ ရဟန်းတို့ဤနီဝရဏငါးပါးသည် အကုသိုလ်အစု သက်သက်သာ ဖြစ်ပေ၏။ အဘယ်ငါးပါးတို့နည်း၊ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိန မိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ၊ ဝိစိကိစ္ဆာနီဝရဏတို့တည်း။ ရဟန်းတို့”အကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ နီဝရဏငါးပါးတို့ကို ဆိုရာ၏။ ရဟန်းတို့ဤနီဝရဏငါးပါးသည် အကုသိုလ်အစု သက်သက်သာ ဖြစ်၏။

ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာ ဆိုလိုခဲ့မူ သတိပဋ္ဌာန်လေးပါးတို့ကိုဆိုရာ၏။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးသည် ကုသိုလ်အစု သက်သက်သာ ဖြစ်၏။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ “ကုသိုလ်အစု”ဟု ဆိုလိုသော သူသည် ကောင်းစွာဆိုလိုခဲ့မူ သတိပဋ္ဌာန်လေးပါးတို့ကိုသာ ဆိုရာ၏။ ရဟန်းတို့ ဤသတိပဋ္ဌာန်လေးပါးသည် ကုသိုလ်အစုသက်သက် သာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။