သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၆—သကုဏဂ္ဓိသုတ်

၃၇၂။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သိမ်းငှက်သည် လျင်မြန်စွာ ရောက်လာ၍ ဗီလုံးငှက်ကိုဖမ်းသုတ်လေ၏၊ ရဟန်းတို့ ထိုအခါ ဗီလုံးငှက်သည် သိမ်းငှက် ထိုးသုတ်ဆောင်ယူအပ်သည် ဖြစ်၍ ဤသို့ငိုကြွေးမြည်တမ်းလေ၏— “ငါတို့သာ ကျက်သရေမဲ့ကုန်၏၊ ငါတို့သာ ဘုန်းကံနည်းပါးကုန်၏၊ ငါတို့သည်မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားမိကုန်၏၊ ယနေ့ ငါသည် မိမိအဖ၏နေရာ (မိရိုးဖလာအရပ်) ဖြစ်သော စားကျက်၌ ကျက်စားခဲ့မူ ဤသိမ်းငှက်သည် ငါ့အား မဖမ်းနိုင်ရာ၊ စစ်ထိုးခြင်းသာ ဖြစ်လေရာ၏ဟု (မြည်တမ်း၏)။ ဗီလုံးငှက် မိမိအဖ၏ နေရာဖြစ်သော သင်၏ စားကျက့်ကား အဘယ်နည်းဟု (သိမ်းငှက်က မေးလေ၏)။ ထွန်ဖြင့် ထွန်ယက်ခြင်းကို ပြုရာ ထွန်ချေးခဲရှိရာအရပ်ပင်တည်းဟု ပြောလေ၏။ ရဟန်းတို့ ထိုအခါ သိမ်းငှက်သည် မိမိ၏ အားအစွမ်းကို အားကိုးယုံကြည်လျက် မိမိ၏ အားအစွမ်းကို (အထူးအထွေ) မပြောဆိုတော့ဘဲ “ဗီလုံးငှက် သင် သွားလေလော့၊ ထိုအရပ် သို့ ရောက်ပါသော်လည်း ငါ့လက်မှ မလွတ်နိုင်လတ္တံ့”ဟု (ဆို၍) ဗီလုံးငှက်ကို လွှတ်လိုက်လေ၏။

ရဟန်းတို့ ထိုအခါ ဗီလုံးငှက်သည် ထွန်ဖြင့် ထွန်ယက်ခြင်းကို ပြုရာ ထွန်ချေးခဲရှိရာ အရပ်သို့သွားပြီးလျှင် ထွန်ချေးခဲကြီးထက်သို့ တက်၍ “သိမ်းငှက် ယခု ငါ့နေရာသို့ လာခဲ့လော့၊ သိမ်းငှက် ယခုငါ့နေရာသို့ လာခဲ့လော့”ဟု သိမ်းငှက်ကို ပြောလျက် ရပ်နေလေ၏။ ရဟန်းတို့ ထိုအခါ သိမ်းငှက်သည်မိမိ၏ အားအစွမ်းကို အားကိုးယုံကြည်လျက် မိမိ၏ အားအစွမ်းကို (အထူးအထွေ) မပြောဆိုတော့ဘဲအတောင်နှစ်ဖက်တို့ကို ယှက်၍ ဗီလုံးငှက်ထံသို့ လျင်မြန်စွာ ရောက်လာလေ၏။ ရဟန်းတို့ ဤသိမ်းငှက်သည် ငါ့ကို (ဖမ်းရန်) များစွာ နီးကပ်လာပြီဟု ဗီလုံးငှက် သိသောအခါ ထိုထွန်ချေးခဲ၏ အကြားသို့သာဝင်သွားလေ၏၊ ရဟန်းတို့ ထိုအခါ သိမ်းငှက်သည် ထိုထွန်ချေးခဲ၌ပင် ရင်ဘတ်ကို ပြင်းစွာ တိုက်ခတ်မိလေ၏၊ ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသွားလာသော သူသည် ဤအတူပင် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့်ပင် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ မကျက်စားမသွားလာကြကုန်လင့်၊ ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသွားလာကုန်သူတို့အား ကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို ရ၏၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို ရ၏။

ရဟန်းတို့ ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ကား အဘယ်နည်း၊ ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သောစက္ခု ဝိညာဏ်ဖြင့် မြင်အပ်သော ရူပါရုံ။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်သော သဒ္ဒါရုံ။ပ။

ဃာနဝိညာဏ်ဖြင့် နမ်းရှူအပ်သော ဂန္ဓာရုံ။ပ။ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်သော ရသာရုံ၊ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သောတပ်မက်ဖွယ်ကောင်း ကုန်သော ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။ ရဟန်းတို့ရဟန်း၏ မကျက်စား သင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ကား ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။

ရဟန်းတို့ မိမိအဖ၏ နေရာ (မိရိုးဖလာအရပ်) ဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်လော့၊ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်သော သူတို့အား ကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို မရ၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို မရ။

ရဟန်းတို့ ရဟန်း၏ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာကား အဘယ်နည်း၊ ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ရဟန်း၏ မိမိအဖ၏ နေရာဖြစ် သော ကျက်စားရာသည်ကားဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။