သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၇—မက္ကဋသုတ်

၃၇၃။ ရဟန်းတို့ မျောက်တို့ လှည့်လည်သွားလာခြင်းလည်း မရှိသော လူတို့ လှည့်လည်သွားလာခြင်းလည်း မရှိသော ဟိမဝန္တာတောင်မင်း၏ သွားရန် ခက်ခဲ၍ မညီညွတ်ကုန်သောအရပ်တို့သည် ရှိကုန်၏၊ မျောက်တို့ လှည့်လည်သွားလာခြင်းသာ ရှိ၍ လူတို့ လှည့်လည်သွားလာခြင်း မရှိသော ဟိမဝန္တာတောင်မင်း၏ သွားရန် ခက်ခဲ၍ မညီညွတ်ကုန်သောအရပ်တို့သည် ရှိကုန်၏၊ မျောက်တို့ လှည့်လည်သွားလာခြင်းလည်းရှိသော လူတို့ လှည့်လည်သွားလာခြင်းလည်းရှိသော ဟိမဝန္တာတောင်မင်း၏ ညီညွတ်သော မြေအဖို့ရှိသော မွေ့လျော်ဖွယ်ရာ အရပ်တို့သည် ရှိကုန်၏၊ ရဟန်းတို့ ထို (ညီညွတ်သော မြေအဖို့ရှိသော မွေ့လျော်ဖွယ်ရာ) အရပ်၌ မုဆိုးတို့သည် မျောက်တို့ကို သတ်ဖြတ်ဖျက်ဆီးရန် မျောက်တို့ သွားလာရာ လမ်းတို့၌ မျောက်နှဲစေးကို ထောင်ကုန်၏။

ရဟန်းတို့ ထိုဟိမဝန္တာတောင်၌ မိုက်သော သဘောမရှိ လျှပ်ပေါ်သော သဘောမရှိကုန်သောမျောက်တို့သည် ထိုအရပ်၌ မျောက်နှဲစေးကို မြင်ကုန်သည်ရှိသော် ဝေးစွာ ရှောင်ဖဲကုန်၏၊ မိုက်သောသဘော လျှပ်ပေါ်သော သဘောရှိသော မျောက်သည်ကား ထိုမျောက်နှဲစေးရှိရာသို့ ချဉ်းကပ်၍ လက်ဖြင့်ကိုင်ယူ၏၊ ထိုလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိ၏။ “လက်ကို လွတ်စေအံ့”ဟု ဒုတိယလက်ဖြင့်ကိုင်ယူ ပြန်၏၊ ထိုဒုတိယလက်သည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ “လက်နှစ်ဖက်တို့ကိုလွတ်စေအံ့”ဟု ခြေဖြင့် ကိုင်ယူပြန်၏၊ ထိုခြေသည် ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ “လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေကို လည်းကောင်း လွတ်စေအံ့”ဟု ဒုတိယခြေဖြင့် ကိုင်ယူပြန်၏၊ ထိုဒုတိယခြေသည် ထိုမျောက်နှဲစေး၌ ကပ်ငြိ ပြန်၏။ “လက်နှစ်ဖက်တို့ကိုလည်းကောင်း၊ ခြေနှစ်ဖက်တို့ကိုလည်းကောင်း လွတ်စေအံ့”ဟု နှုတ်သီးဖြင့် ကိုင်ယူပြန်၏၊ ထိုနှုတ်သီးသည်ထိုမျောက်နှဲစေး၌ ကပ်ငြိပြန်၏။ ရဟန်းတို့ ဤသို့လျှင် ထိုမျောက်သည် ငါးဌာနတို့၌ နှောင်ဖွဲ့မိသည်ဖြစ်၍သာလျှင် ညည်းတွားလျက် အိပ်ရလေ၏၊ အကျိုးမဲ့ခြင်းသို့ ရောက်ရ လေ၏၊ ပျက်စီးခြင်းသို့ရောက်ရလေ၏၊ မုဆိုး၏ အလိုရှိတိုင်း ပြုလုပ်မှုကို ခံရလေ၏။ ရဟန်းတို့ မုဆိုးသည် ထိုမျောက်ကို (တံစို့) ထိုးလျက် ထိုအရပ်၌ပင်လျှင် ထင်းမီးကျီး၌ ကင်မြှိုက်၍ အလိုရှိရာ အရပ်သို့ ဖဲခွာ သွားလေ၏။ ရဟန်းတို့ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသွားလာသော သူသည်ဤအတူပင် ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ မကျက်စား မသွားလာကြကုန်လင့်၊ မကျက်စား မသွားလာသင့်သော သူတစ်ပါးတို့၏ နေရာ (အရပ်) ၌ ကျက်စားသူတို့အားကိလေသမာရ်သည် (ဖျက်ဆီးရန်) အခွင့်ကို ရ၏၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို ရ၏၊ ရဟန်းတို့ ရဟန်း၏ မကျက်စားသင့်သော သူတစ်ပါးတို့၏ နေရာအရပ်ကား အဘယ်နည်း၊ ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သော တပ်မက်ဖွယ်ကောင်းကုန်သောစက္ခုဝိညာဏ်ဖြင့် မြင်အပ်သော ရူပါရုံ။ပ။ သောတဝိညာဏ်ဖြင့် ကြားအပ်သော သဒ္ဒါရုံ။ပ။

ဃာနဝိညာဏ်ဖြင့် နမ်းရှူအပ်သော ဂန္ဓာရုံ။ပ။ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်သော ရသာရုံ၊ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွား စေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိ၍ ကာမနှင့် စပ်ကုန်သောတပ်မက်ဖွယ်ကောင်းကုန်သော ကာယ ဝိညာဏ်ဖြင့် တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့တည်း။ ရဟန်းတို့ရဟန်း၏ မကျက်စားသင့်သော သူတစ် ပါးတို့၏ နေရာ (အရပ်) ကား ဤကာမဂုဏ်ငါးပါးတို့ပင်တည်း။

ရဟန်းတို့ မိမိအဖ၏ နေရာ (မိရိုးဖလာအရပ်) ဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်လော့၊ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာ၌ ကျက်စားကြကုန်သော သူတို့အား ကိလေသမာရ်သည် (ဖျက့်ဆီးရန်) အခွင့်ကို မရ၊ ကိလေသမာရ်သည် (ဖျက်ဆီးရန်) အကြောင်းကို မရ။ ရဟန်းတို့ ရဟန်း၏ မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာကား အဘယ်နည်း၊ ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း။ အဘယ်လေးပါးတို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။

စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ရဟန်း၏မိမိအဖ၏ နေရာဖြစ်သော ကျက်စားရာ သည်ကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။