သံယုတ္တနိကာယ်—၄၇

၁—အမ္ဗပါလိဝဂ်

၉—ဂိလာနသုတ်

၃၇၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီ ပြည်ဝေဠုဝရွာငယ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော် မူ၏—“ရဟန်းတို့ လာကြကုန်လော့၊ သင်တို့သည် အဆွေခင်ပွန်းရှိရာ တွေ့မြင်နေကျ မိတ်ဆွေရှိရာ အတူတကွစားဖော်စားဖက် မိတ်ဆွေရှိရာ ဝေသာလီပြည်၏ ထက်ဝန်းကျင်၌ ဝါကပ်ကြကုန်လော့၊ ငါသည် ကားဤဝေဠုဝရွာငယ်၌ပင် ဝါကပ်အံ့”ဟု (မိန့်တော်မူ၏)။ “ကောင်းပါပြီ အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်ပြီးလျှင် အဆွေခင်ပွန်းရှိရာ တွေ့မြင်နေကျ မိတ်ဆွေရှိရာ အတူတကွစားဖော်စားဖက် မိတ်ဆွေရှိရာ ဝေသာလီပြည်၏ ထက်ဝန်းကျင်၌ ဝါကပ်ကြကုန်၏၊ မြတ်စွာဘုရားသည်လည်း ဤဝေဠုဝရွာငယ်၌ပင် ဝါကပ်တော်မူ၏။

ထိုအခါ ဝါကပ်တော်မူပြီးသော မြတ်စွာဘုရားအား ကြမ်းတမ်းသောအနာသည် ဖြစ်လေ၏၊ သေလုနီးပါး ပြင်းထန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် အောက်မေ့မှု ‘သတိ’ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရှိတော်မူလျက် မပင်မပန်း (မညည်းမညူ) သည်းခံတော်မူ၏။ ထိုအခါမြတ်စွာဘုရား အား ဤအကြံသည် ဖြစ်၏—“အလုပ်အကျွေးတို့ကို မသိစေမူ၍ ရဟန်းသံဃာကိုမပန်ကြားမူ၍ ပရိနိဗ္ဗာန် ပြုခြင်းသည် ငါ့အား မသင့်လျော်ချေ၊ ငါသည် ဤအနာကို လုံ့လဖြင့်တွန်းလှန်ပယ်ခွာ၍ အသက်ကို ပြုစီရင်တတ်သော ဖလသမာပတ်ကို ဆောက်တည်နေရမူကောင်းပေလိမ့်မည်”ဟု အကြံဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုအနာကို လုံ့လဖြင့်တွန်းလှန်ပယ်ခွာ၍ အသက်ကို ပြုစီရင်တတ်သော ဖလသမာ ပတ်ကို ဆောက်တည်နေတော်မူ၏၊ ထိုအခါမြတ်စွာဘုရား၏ ထိုအနာသည် ငြိမ်းပျောက်လေ၏။

ထို့နောက် မြတ်စွာဘုရားသည် မကျန်းမာရာမှ ထတော်မူလျက် အနာရောဂါ ပျောက်ပြီး၍ မကြာ မြင့်မီကျောင်းမှ ထွက်တော်မူကာ ကျောင်း၏ နောက်ဘက် အရိပ်ဝယ် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား့အကျွန်ုပ်သည် မြတ်စွာဘုရား၏ ချမ်းသာခြင်းကို မြင်ရပါပြီ၊ မြတ်စွာဘုရား၏ ခန့်ကျန်းခြင်းကို မြင်ရပါပြီ၊ မြတ်စွာဘုရား၏ မျှတခြင်းကို မြင်ရပါပြီ၊ အသျှင်ဘုရား စင်စစ်အားဖြင့် မြတ်စွာဘုရားနာဖျားခြင်းကြောင့် တပည့်တော်၏ ကိုယ်သည် တောင့်တင်းလေးလံသကဲ့သို့ ဖြစ်နေပါ၏၊ အရပ်မျက်နှာတို့သည်လည်း အကျွန်ုပ် အား မထင်ပါကုန်၊ တရားတို့သည်လည်း အကျွန်ုပ်အားမထင်ပါကုန်၊ အသျှင်ဘုရား စင်စစ်သော်ကား မြတ်စွာဘုရားသည် ရဟန်းသံဃာကို အကြောင်းပြု၍တစ်စုံတစ်ရာ မမြွက်ကြားရသေးသမျှ ကာလပတ်လုံး ပရိနိဗ္ဗာန်ပြုလိမ့်မည် မဟုတ်ဟု တပည့်တော်အားသက်သာရာ အနည်းငယ်မျှ ဖြစ်ရပါ၏”ဟု (လျှောက် ၏)။

အာနန္ဒာ ယခု အဘယ်ကြောင့် ရဟန်းသံဃာသည် ငါဘုရား၌ တောင့်တသနည်း၊ အာနန္ဒာ ငါသည်အတွင်းအပြင် မထားမူ၍ တရားတော်ကို ဟောခဲ့၏၊ အာနန္ဒာ မြတ်စွာဘုရားအား တရားတို့၌ ဆရာစားချန်ထားသော တရားဟူ၍ မရှိ။ အာနန္ဒာ ရဟန်းသံဃာကို ငါသာလျှင် ဆောင်အံ့ဟူ၍လည်းကောင်း၊ ရဟန်းသံဃာသည် ငါ့ကိုသာ (ကိုးကွယ်ရာဆရာဟု) ညွှန်ပြလိမ့်မည်ဟူ၍လည်းကောင်း ဤသို့သောအကြံဖြစ်သူသည် ရဟန်းသံဃာကို အကြောင်းပြု၍ တစ်စုံတစ်ခုကို ပြောရာ၏။ အာနန္ဒာ ရဟန်းသံဃာကိုငါသာလျှင် ဆောင်အံ့ဟူ၍လည်းကောင်း၊ ရဟန်းသံဃာသည် ငါ့ကိုသာ (ကိုးကွယ်ရာဆရာဟု) ညွှန်ပြလိမ့်မည်ဟူ၍လည်းကောင်း မြတ်စွာဘုရားအား ဤသို့ အကြံ မဖြစ်။ အာနန္ဒာ သံဃာကို အကြောင်းပြု၍မြတ်စွာဘုရားသည် အဘယ်ကြောင့် တစ်စုံတစ်ရာကို ပြောဆိုအံ့နည်း၊ အာနန္ဒာ ယခုအခါ၌သော်ကား ငါသည် အိုမင်းကြီးမြင့် အရွယ်ရင့်ခဲ့ပြီ၊ ရှည်သော ကာလသို့ ရောက်ခဲ့ပြီ၊ အဆုံးအရွယ်သို့ ရောက်ခဲ့ပြီ၊ ငါ၏အသက်သည် ရှစ်ဆယ်ရှိပြီ။ အာနန္ဒာ လှည်းအိုသည် ချည်တုပ်နှောင်ဖွဲ့ခြင်းဖြင့် မျှတစေသကဲ့သို့ အာနန္ဒာထို့အတူပင် မြတ်စွာဘုရား၏ ကိုယ်တော်သည် ပြုပြင်ခြင်းနှင့် ရောနှောသည် ဖြစ်၍ မျှတယောင်တကား။

အာနန္ဒာ မြတ်စွာဘုရားသည် အလုံးစုံသောအာရုံ (နိမိတ်) တို့ကို နှလုံးမသွင်းခြင်းကြောင့် အချို့ သောဝေဒနာတို့ ချုပ်ခြင်းကြောင့် အာရုံ (နိမိတ်) မရှိသော စိတ်၏ တည်ကြည်မှု ‘အရဟတ္တဖိုလ်သမာဓိ’ ကိုဝင်စားနေသောအခါ မြတ်စွာဘုရား၏ ကိုယ်သည် အလွန်ချမ်းသာ (ကျန်းမာ) ခြင်း ဖြစ်၏၊ အာနန္ဒာ ထို့ကြောင့်ပင် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာ နေကြကုန်လော့၊ အခြားတရားကိုအားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြကုန်လော့။

အာနန္ဒာ အဘယ်သို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကာနေရသနည်း၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေရသနည်း။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။

ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းသည် သူတစ်ပါးကို အားမကိုးမူ၍မိမိကိုယ်ကို မှီခိုအားကိုးကာ နေရ၏၊ အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကိုမှီခိုအားကိုးကာ နေရ၏။

အာနန္ဒာ ယခုအခါ၌လည်းကောင်း၊ ငါဘုရား ကွယ်လွန်သောအခါ၌လည်းကောင်း သူတစ်ပါးကိုအားမကိုးမူ၍ မိမိကိုယ်ကို မှီခိုအားကိုးကြလျက် အခြားတရားကို အားမကိုးမူ၍ (လောကုတ္တရာ) တရားတော်ကို မှီခိုအားကိုးကာ နေကြမည့် ရဟန်းအားလုံးတို့သည် သိက္ခာသုံးပါးကို အလိုရှိသော ရဟန်းအားလုံးတို့ထက် အမြတ်ဆုံး ဖြစ်ကြပေလိမ့်မည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။