သံယုတ္တနိကာယ်—၄၈

၁—သုဒ္ဓိကဝဂ်

၁ဝ—ဒုတိယ ဝိဘင်္ဂသုတ်

၄၈ဝ။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ သဒ္ဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု ‘သဒ္ဓါ’ တရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူ သောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့် လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည် တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာဒေဝမနုဿာနံ’ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓိန္ဒြေဟု ဆို အပ်၏။

ရဟန်းတို့ ဝီရိယိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိ၏၊ မြဲမြံစွာ အားထုတ်၏၊ တာဝန်ကို ပစ်ချထားသူမဟုတ်။ ထိုအရိယာတပည့်သည် မဖြစ်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန်ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကိုချီမြှောက်၏၊ ဆောက်တည်၏။ မဖြစ်ကုန်သေးသော ကုသိုလ်တရားကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက် ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤသည်ကို ဝီရိယိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သတိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သတိရှိ၏၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံ၏။ ကြာမြင့်စွာက ပြုအပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်ဖန်အောက် မေ့နိုင်၏။ ထိုအရိယာ တပည့်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ အောက်မေ့မှု ‘သတိ’ ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ် အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’အောက်မေ့မှု ‘သတိ’ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ ၏။ ရဟန်းတို့ဤသည်ကို သတိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သမာဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်နိဗ္ဗာန်ကို အာရုံပြုလျက် တည်ကြည်မှု ‘သမာဓိ’ ကို ရ၏၊ စိတ်၏ အာရုံတစ်ခုတည်း၌ တည်ကြည်မှု ‘ဧကဂ္ဂတာ’ ကို ရ၏။ ထိုသူသည် ကာမတို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်ကြံစည်မှု ‘ဝိတက်’နှင့် တကွဖြစ်သော သုံးသပ်မှု ‘ဝိစာရ’ နှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ ချမ်းသာမှု ‘သုခ’ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်မှု ‘သမာဓိ’ ကို ဖြစ်စေတတ်သော ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ မရှိသော တည်ကြည်မှု ‘သမာဓိ’ ကြောင့် ဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ချမ်းသာမှု ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်မှု ‘ပီတိ’ ကိုလည်း မစွဲမက်ခြင်းကြောင့်လျစ်လျူ ရှု၍သာလျှင် နေ၏၊ အောက်မေ့မှု ‘သတိ’ ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’နှင့် ပြည့်စုံသည် ဖြစ်၍ နေ၏၊ ချမ်းသာမှု ‘သုခ’ ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို “လျစ်လျူရှုသူ၊ သတိ ရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာမှု ‘သုခ’ ကိုလည်း ပယ်ခြင်းကြောင့်ဆင်းရဲမှု ‘ဒုက္ခ’ ကိုလည်း ပယ်ခြင်းကြောင့် ဝမ်းသာခြင်း ‘သောမနဿ’ နှလုံးမသာခြင်း ‘ဒေါမနဿ’ တို့ရှေးဦးကပင်လျှင် ချုပ်နှင့် ခြင်းကြောင့် ဆင်းရဲ ချမ်းသာ ကင်းသော လျစ်လျူရှုမှုကြောင့် ဖြစ်သောသတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက် ၍ နေ၏။ ရဟန်းတို့ ဤသည်ကို သမာဓိန္ဒြေဟုဆိုအပ်၏။

ရဟန်းတို့ ပညိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်ပညာရှိ၏၊ အဖြစ်အပျက်ကို သိမ်းဆည်းတတ်သော ရုပ်နာမ်ကို ထွင်းဖောက်၍ သိနိုင်သော ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏၊ ထိုအရိယာတပည့်သည်”ဤကား ဆင်းရဲတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကား ဆင်းရဲဖြစ်ကြောင်းတည်း”ဟုဟုတ်တိုင်း မှန်စွာ် သိ၏၊ “ဤကား ဆင်းရဲချုပ်ရာတည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ “ဤကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ရဟန်းတို့ဤသည်ကို ပညိန္ဒြေဟု ဆိုအပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ ပင်တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော သုဒ္ဓိကဝဂ် ပြီး၏။