သံယုတ္တနိကာယ်—၄၈

၅—ဧရာဝဂ်

၁ဝ—အာပဏသုတ်

၅၂ဝ။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ မြတ်စွာဘုရားသည် အင်္ဂတိုင်းအာပဏမည်သောအင်္ဂတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုနိဂုံး၌ မြတ်စွာဘုရားသည်အသျှင်သာရိပုတြာအား ဤစကားကို မိန့်တော်မူ၏— “သာရိပုတြာ ငါဘုရား၌ စင်စစ် သက်ဝင်လျက်အလွန်ယုံကြည်သောအရိယာသာဝကသည် ငါဘုရား၌လည်းကောင်း၊ ငါဘုရား၏အဆုံးအမ ‘သာသနာ’ ၌ လည်းကောင်း ယုံမှားခြင်းလည်း မဖြစ်ရာ၊ မဝေခွဲနိုင်ခြင်းလည်း မဖြစ်ရာ”ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား၌ စင်စစ် သက်ဝင်လျက် အလွန်ယုံကြည်သောအရိယာသာဝကသည်မြတ်စွာဘုရား၌လည်းကောင်း၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာ’ ၌လည်းကောင်း ယုံမှားခြင်းလည်းမဖြစ်ရာ၊ မဝေခွဲနိုင်ခြင်းလည်း မဖြစ်ရာ။ အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာသာဝကအားအကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေလိမ့်မည်၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိလျက် မြဲမြံစွာ အားထုတ်ကာ တာဝန်ကို ပစ်ချထားသူ မဟုတ်မူ၍ နေလိမ့်မည်ဟူသော ဤအကြောင်းကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ ဝီရိယသည် ဝီရိယိန္ဒြေဖြစ်ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ရှိသော ထက်သန်သော လုံ့လရှိသောအရိယာတပည့်အား သတိရှိလိမ့်မည်၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံလိမ့်မည်၊ ကြာမြင့်စွာက ပြုလုပ်အပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင် အဖန်ဖန်အောက်မေ့နိုင်လိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ သတိသည် သတိန္ဒြေဖြစ်ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသောအရိယာတပည့်အား နိဗ္ဗာန်ကို အာရုံပြု၍ တည်ကြည်မှု ‘သမာဓိ’ ကို ရလိမ့်မည်၊ စိတ်၏ အာရုံတစ်ခုတည်း၌တည်မှု ‘ဧကဂ္ဂတာ’ ကို ရလိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ သမာဓိသည် သမာဓိန္ဒြေဖြစ်ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသော စိတ်တည်ကြည်သောအရိယာတပည့်အား “အဝိဇ္ဇာ ပိတ်ပင်ခံရကုန်သည်တဏှာနှောင်ကြိုး ‘သံယောဇဉ်’ ရှိကုန် သည် ဖြစ်၍ ပြေးသွားကျင်လည်နေရကုန်သော သတ္တဝါတို့၏ရုပ်နာမ်အစဉ် သံသရာသည် စင်စစ်အားဖြင့် အစကို မသိအပ်၊ ရှေ့အစွန်းသည် မထင်။ အမှန်မသိမှု ‘အဝိဇ္ဇာ’ဟူသောအမှောင်ထု၏ အကြွင်းမဲ့ ကင်း ချုပ်ရာ အလုံးစုံသောပြုစီရင်မှု ‘သင်္ခါရ’ တို့၏ ငြိမ်းရာ အလုံးစုံသော တည်ရာ ‘ဥပဓိ’ တို့ကို စွန့်ရာ တဏှာကုန်ရာ မစွဲမက်ရာချုပ်ရာ နိဗ္ဗာန်သည် ငြိမ်သက်၏၊ မြတ်၏”ဟု ဤသို့ သိလိမ့်မည်ဟူသော ဤအကြောင်းကိုမျှော်လင့်အပ်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ ပညာသည် ပညိန္ဒြေဖြစ် ပါ၏။

အသျှင်ဘုရား ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာတပည့်သည် ဤသို့ အားထုတ်၍ အားထုတ်၍ ဤသို့အောက်မေ့၍ အောက်မေ့၍ ဤသို့ ဆောက်တည်၍ ဆောက်တည်၍ ဤသို့ သိ၍ သိ၍ “ငါ ရှေးကကြားဖူးသော တရားတို့သည် ဤတရားတို့ပင်တည်း၊ ထို့ကြောင့် ငါသည် ယခု ကိုယ်ဖြင့်လည်းတွေ့ထိ၍ နေရ၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်ရ၏”ဟု ဤသို့ ယုံကြည်၏။ အသျှင်ဘုရား မှန်ပါ၏၊ ထိုအရိယာတပည့်၏ သဒ္ဓါသည် သဒ္ဓိန္ဒြေဖြစ်ပါ၏ဟု (လျှောက်၏)။

သာရိပုတြာ ကောင်းပေစွ၊ ကောင်းပေစွ၊ သာရိပုတြာ (ငါ) ဘုရား၌ စင်စစ် သက်ဝင်လျက် အလွန်ယုံကြည်သောအရိယာတပည့်သည် (ငါ) ဘုရား၌လည်းကောင်း၊ (ငါ) ဘုရား၏ အဆုံးအမ ‘သာသနာ’၌လည်းကောင်း ယုံမှားခြင်းလည်း မဖြစ်ရာ၊ မဝေခွဲနိုင်ခြင်းလည်း မဖြစ်ရာ။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာတပည့်အား အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေလိမ့်မည်၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိလျက် မြဲမြံစွာ အားထုတ်ကာ တာဝန်ကို ပစ်ချထားသူ မဟုတ်မူ၍ နေလိမ့်မည်ဟူသောဤအကြောင်းကို မျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာတပည့်၏ ဝီရိယသည် ဝီရိယိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသော ထက်သန်သော လုံ့လရှိသောအရိယာတပည့်သည် သတိရှိလိမ့်မည်၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံလိမ့်မည်။ ကြာမြင့်စွာက ပြုလုပ်အပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင် အဖန်ဖန်အောက်မေ့နိုင်လိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာတပည့်၏ သတိသည် သတိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသောအရိယာတပည့်အား နိဗ္ဗာန်ကို အာရုံပြု၍ တည်ကြည်မှု ‘သမာဓိ’ကို ရလိမ့်မည်၊ စိတ်၏ အာရုံတစ်ခုတည်း၌တည်မှု ‘ဧကဂ္ဂတာ’ကို ရလိမ့်မည်ဟူသော ဤအကြောင်းကို မျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာ တပည့်၏ သမာဓိသည် သမာဓိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိ၍ ထက်သန်သော လုံ့လရှိသော ထင်သော သတိရှိသော စိတ်တည်ကြည်သောအရိယာတပည့်အား “အဝိဇ္ဇာ ပိတ်ပင်ခံရကုန်သည်တဏှာနှောင်ကြိုး ‘သံယောဇဉ်’ ရှိကုန်သည် ဖြစ်၍ ပြေးသွားကျင်လည်နေရကုန်သော သတ္တဝါတို့၏ရုပ်နာမ်အစဉ် ‘သံသရာ’သည် စင်စစ်အားဖြင့် အစ ကို မသိအပ်၊ ရှေ့အစွန်းသည် မထင်။ အမှန်မသိမှု ‘အဝိဇ္ဇာ’ဟူသောအမှောင်ထု၏ အကြွင်းမဲ့ ကင်းချုပ်ရာ အလုံးစုံသောပြုစီရင်မှု ‘သင်္ခါရ’ တို့၏ ငြိမ်းရာ အလုံးစုံသော တည်ရာ ‘ဥပဓိ’ တို့ကို စွန့်ရာ တဏှာကုန်ရာ မစွဲမက်ရာချုပ်ရာ နိဗ္ဗာန်သည် ငြိမ်သက်၏၊ မြတ်၏”ဟု ဤသို့ သိလိမ့်မည်ဟူသော ဤအကြောင်းကိုမျှော်လင့်အပ်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာတပည့်၏ ပညာသည် ပညိန္ဒြေဖြစ်၏။

သာရိပုတြာ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသောအရိယာတပည့်သည် ဤသို့ အားထုတ်၍ အားထုတ်၍ ဤသို့အောက်မေ့၍ အောက်မေ့၍ ဤသို့ ဆောက်တည်၍ ဆောက်တည်၍ ဤသို့ သိ၍ သိ၍ “ငါ ရှေးကကြား ဖူးသော တရားတို့သည် ဤတရားတို့ပင်တည်း၊ ထို့ကြောင့် ငါသည် ယခု ကိုယ်ဖြင့်လည်းတွေ့ထိ၍ နေရ၏၊ ပညာဖြင့်လည်း ထိုးထွင်း၍ မြင်ရ၏”ဟု ဤသို့ ယုံကြည်၏။ သာရိပုတြာ မှန်၏၊ ထိုအရိယာ တပည့်၏ သဒ္ဓါသည် သဒ္ဓိန္ဒြေဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် ဇရာဝဂ် ပြီး၏။