သံယုတ္တနိကာယ်—၄၈

၁—သုဒ္ဓိကဝဂ်

၉—ပဌမ ဝိဘင်္ဂသုတ်

၄၇၉။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သဒ္ဓိန္ဒြေ။ပ။ ပညိန္ဒြေတို့တည်း။ ရဟန်းတို့ သဒ္ဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု ‘သဒ္ဓါ’တရားရှိ၏၊ “ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောအကြောင်း ကြောင့်လည်း ‘အရဟံ’ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း ‘သမ္မာသမ္ဗုဒ္ဓ’ မည်တော်မူ၏၊ အသိဉာဏ် ‘ဝိဇ္ဇာ’အကျင့် ‘စရဏ’ နှင့် ပြည့်စုံတော်မူ သောအကြောင်းကြောင့်လည်း ‘ဝိဇ္ဇာစရဏ သမ္ပန္န’ မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ် သောအကြောင်းကြောင့်လည်း ‘သုဂတ’ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့် လည်း ‘လောကဝိဒူ’ မည်တော်မူ၏၊ ဆုံးမထိုက်သူကိုဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘အနုတ္တရော ပုရိသဒမ္မသာရထိ’ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း ‘သတ္ထာ ဒေဝမနုဿာနံ’မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိတော်မူသော အကြောင်းကြောင့်လည်း ‘ဗုဒ္ဓ’ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ‘ဘဂဝါ’ မည်တော်မူ၏”ဟု မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ဝီရိယိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေခြင်းငှါ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ ကုသိုလ်တရားတို့၌ အားအစွမ်းရှိ၏၊ မြဲမြံစွာ အားထုတ်၏၊ တာဝန်ကို ပစ်ချထားသူမဟုတ်။ ရဟန်းတို့ ဤသည်ကို ဝီရိယိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သတိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သတိရှိ၏၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံ၏။ ကြာမြင့်စွာက ပြုအပ်သောအမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောအပ်သော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်ဖန်အောက် မေ့နိုင်၏။ ရဟန်းတို့ ဤသည်ကို သတိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ သမာဓိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်နိဗ္ဗာန်ကို အာရုံပြုလျက် တည်ကြည်မှု ‘သမာဓိ’ကို ရ၏၊ စိတ်၏ အာရုံတစ်ခုတည်း၌ တည်ကြည်မှု ‘ဧကဂ္ဂတာ’ကို ရ၏။ ရဟန်းတို့ ဤသည်ကို သမာဓိန္ဒြေဟု ဆိုအပ်၏။

ရဟန်းတို့ ပညိန္ဒြေဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည်ပညာရှိ၏၊ အဖြစ်အပျက်ကို သိမ်းဆည်းတတ်သော ရုပ်နာမ်ကို ထွင်းဖောက်၍ သိနိုင်သော ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကို ပညိန္ဒြေဟု ဆိုအပ်၏။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤငါးပါးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။