သံယုတ္တနိကာယ်—၄၉

၄—ဧသနာဝဂ်

၁—၁ဝ—ဧသနာ စသော ၁ဝ—သုတ်

၆၈၅—၆၉၄။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကိုရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ ရဟန်းတို့ ဤရှာမှီးခြင်း သုံးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ သမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်ညံ့သောအကုသိုလ်တရားတို့ကို မဖြစ်စေရန် အလို ‘ဆန္ဒ’ ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက်တည်၏။ပ။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွါးစေရန် ပြန့်ပြောစေရန် ပွါးများမှု ပြည့်စုံစေရန် အလို ‘ဆန္ဒ’ကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြောက်၏၊ ဆောက်တည်၏။

ရဟန်းတို့ ဤရှာမှီး ခြင်းသုံးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤသမ္မပ္ပဓာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ဧသနာဝဂ် ပြီး၏။