သံယုတ္တနိကာယ်—၅

၄—ဝိဇယာသုတ်

၁၆၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဝိဇယာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ၌ ယုတ်မာသော မာရ်နတ်သည် ဝိဇယာ ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ဝိဇယာဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏—

“(အရှင်မ) သင်သည် ငယ်သေး၏၊ အဆင်းလှ၏၊ ငါသည်လည်း ငယ်သေး၏၊ ပျိုမြစ်၏၊ အရှင်မ လာပါလှည့်၊ အင်္ဂါငါးပါးရှိသော တူရိယာဖြင့် ငါတို့ မွေ့လျော် ပျော်ပါးပါကုန်အံ့”ဟု ရွတ်ဆို၏။

ထိုအခါ၌ ဝိဇယာဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ထိုသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဉ်းစား၍ “ဤသူကား ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ် လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေ လို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံဖြစ်၏၊ ထိုအခါ၌ ဝိဇယာဘိက္ခုနီမသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏—

“မာရ်နတ် နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော အဆင်း ‘ရူပါရုံ’၊ အသံ ‘သဒ္ဒါရုံ’၊ အနံ့ ‘ဂန္ဓာရုံ’၊ အရသာ ‘ရသာရုံ’၊ အတွေ့အထိ ‘ဖောဋ္ဌဗ္ဗာရုံ’တို့ကို သင့်အားသာလျှင် အပ် နှင်းပါ၏၊ ငါမူကား ထိုအာရုံငါးပါးဖြင့် အလိုမရှိ။

ကွဲပျက်ခြင်းသဘောရှိသော မှုန့်မှုန့်ညက်ညက် ကြေပျက်ခြင်းသဘောရှိသော ဤ အကောင်ပုပ်ဖြင့် ငါ ငြီးငွေ့၏၊ ငါ ရှက်၏၊ ကာမဂုဏ်၌ တပ်မက်မှု ‘တဏှာ’ ကို ငါ နုတ်အပ်ပြီးပြီ။

ရူပဘုံသို့ ရောက်သော သတ္တဝါ, အရူပဘုံ၌ တည်သော သတ္တဝါ, ငြိမ်သက်သော သမာပတ်ဟူသော အရာဌာနအားလုံးတို့၌ အဝိဇ္ဇာအမိုက်ကို ငါ ပယ်ဖျောက်အပ်ပြီ”ဟု ပြန်ပြော၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဝိဇယာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။