သံယုတ္တနိကာယ်—၅

၅—ဥပ္ပလဝဏ္ဏာသုတ်

၁၆၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ ဥပ္ပလဝဏ်ဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ အဖျားမှ စ၍ ကောင်းစွာ ပင်လုံးကျွတ် ပွင့်သော တစ်ခုသော အင်ကြင်းပင်ရင်း၌ ရပ်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဥပ္ပလဝဏ်ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်း ထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ဥပ္ပလဝဏ် ဘိက္ခုနီမထံသို့ ချဉ်းကပ်၍ ဂါထာဖြင့် ရွတ်ဆို၏—

“ရဟန်းမ သင်သည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်သို့ ချဉ်းကပ်၍ အင်ကြင်းပင်ရင်း၌ တစ်ယောက်တည်း ရပ်တည်ဘိ၏၊ သင်၏ အဆင်းဓာတ်နှင့် တူသော နှစ်ခုမြောက်သော အဆင်းဓာတ်သည် မရှိ၊ အမိုက်မ သင်သည် လူဆိုးတို့ကို မကြောက်သလော”ဟု ရွတ်ဆို၏။

ထိုအခါ၌ ဥပ္ပလဝဏ်ဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ဤသူသည်ကား အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဉ်းစား၏၊ “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိမှ ရွေ့လျောစေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ ဥပ္ပလဝဏ် ဘိက္ခုနီမသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏—

“မာရ်နတ် သင့်ကဲ့သို့ သဘောရှိသော သေသောက်ကြူး ရာထောင်တို့သည် ဤအရပ်သို့ လာစေကာမူ ငါသည် မွေးညင်းတစ်ချောင်းမျှ မတုန်လှုပ်၊ မထိတ်လန့်၊ တစ်ယောက်တည်းပင် ဖြစ်သော်လည်း သင့်ကို ငါ မကြောက်။

ဤသို့ သဘောရှိသော ငါသည် ကွယ်ပျောက်အံ့၊ သင်၏ ဝမ်းတွင်းသို့မူလည်း ဝင်အံ့၊ သင်၏ မျက်မှောင်ကြား၌ တည်သော ငါ့ကိုမူလည်း သင် မမြင်ရလတ္တံ့၊ ငါသည် စိတ်၌ အလေ့အလာပြုပြီးဖြစ်၍ ဣဒ္ဓိပါဒ်တို့ကို ကောင်းစွာ ပွားပြီး ဖြစ်၏၊ အလုံးစုံသော အနှောင်အဖွဲ့မှ လွတ်ကင်းပြီး ဖြစ်၏၊ အချင်းမာရ်နတ် သင့်ကို ငါ မကြောက်”ဟု ပြန်ပြော၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “ဥပ္ပလဝဏ်ဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။