သံယုတ္တနိကာယ်—၅

၆—စာလာသုတ်

၁၆၇။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ စာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် စာလာ ဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် “ရဟန်းမ သင်သည် အဘယ်ကို မနှစ်သက်သနည်း”ဟု ပြောဆို၏၊ “အချင်းမာရ်နတ် ငါသည် ပဋိသန္ဓေနေခြင်းကို မနှစ်သက်”ဟု ပြောဆို၏။

“ရဟန်းမ အဘယ့်ကြောင့် သင်သည် ပဋိသန္ဓေ နေခြင်းကို မနှစ်သက်သနည်း၊ ပဋိသန္ဓေ နေသူသည် ကာမဂုဏ်တို့ကို ခံစားရ၏၊ ပဋိသန္ဓေ နေခြင်းကို မနှစ်သက် လင့်ဟူသော ဤအယူကို အဘယ်သူက ယူစေသနည်း”ဟု ပြောဆို၏။

(မာရ်နတ်ယုတ်) ပဋိသန္ဓေ နေသူအား သေခြင်း ဖြစ်၏၊ ပဋိသန္ဓေ နေသူသည် နှောင်ဖွဲ့ခြင်း, သတ်ခြင်း, အထူးထူးအပြားပြားသော ဘေးရန်ဟူသော ဆင်းရဲတို့ကို တွေ့ထိရ၏၊ ထို့ကြောင့် ပဋိသန္ဓေ နေခြင်းကို ငါ မနှစ်သက်။

ပဋိသန္ဓေ နေခြင်းမှ လွန်မြောက်ကြောင်းတရားကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော ဆင်းရဲကို ပယ်ခြင်းငှါ ငါ့ကို ပရမတ္ထသစ္စာ၌ သက်ဝင်စေတော်မူ၏။

ရူပဘုံသို့ ရောက်သော အကြင်သတ္တဝါတို့သည်လည်းကောင်း၊ အရူပဘုံ၌ တည် ကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုသတ္တဝါတို့သည် ဒုက္ခချုပ်ရာ (နိဗ္ဗာန်) ကို မသိကုန်သောကြောင့် တစ်ဖန် ဘဝသစ်သို့ လာရကုန်၏ဟု (ပြန်ပြော၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “စာလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။