သံယုတ္တနိကာယ်—၅

၈—သီသုပစာလာသုတ်

၁၆၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သီသုပစာလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် သီသုပစာလာဘိက္ခုနီမထံသို့ ချဉ်းကပ်ပြီးလျှင် သီသုပစာလာဘိက္ခုနီမအား “ရဟန်းမ သင်သည် အဘယ် သူ၏ ပါသဏ္ဍအယူဝါဒကို နှစ်သက်သနည်း”ဟု ဆို၏၊ အချင်းမာရ်နတ် ငါသည် “တစ်စုံတစ်ယောက်သော သူ၏ ပါသဏ္ဍအယူဝါဒကို မနှစ်သက်”ဟု ဆို၏။

“သင့်ကို ရဟန်းမနှင့် တူစွာ တွေ့မြင်ရ၏၊ သင်သည် အဘယ်ပုဂ္ဂိုလ်ကို ရည် မှတ်၍ ဦးပြည်းသနည်း၊ အယူကို အကယ်၍ မနှစ်သက်အံ့၊ အဘယ့်ကြောင့် ယောင်ယောင်ဝါးဝါး ကျင့်ဘိသနည်းဟု ဆို၏။

မာရ်နတ် ဤသာသနာတော်မှ အပ၌သာလျှင် ပါသဏ္ဍ (အယူ)တို့သည် ရှိကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် မိစ္ဆာအယူ၌ နစ်မြုပ်ကုန်၏၊ ထိုသူတို့၏ တရားကို ငါ မနှစ်သက်၊ ထိုသူတို့သည် (သစ္စာလေးပါး) တရား၌ မလိမ္မာကုန်။

သာကီဝင်မင်းမျိုး၌ဖြစ်သော၊ ပြိုင်ဘက်ကင်းသော၊ အလုံးစုံ (ခန္ဓာစသည်)တို့ကို လွှမ်းမိုး၍ တည်သော၊ မစ္စုမာရ်စသည်တို့ကို နုတ်ပြီးသော၊ အလုံးစုံသော အရာ ဌာနတို့၌ (သူတစ်ပါးတို့) မအောင်နိုင်သော၊ အလုံးစုံ (ခန္ဓာစသည်)တို့၌ လွတ် မြောက်တော်မူသော၊ အလုံးစုံသော တဏှာဒိဋ္ဌိတို့သည် မမှီအပ်သော၊ စက္ခုငါးပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် အလုံးစုံသော တရားကို မြင်တော်မူ၏။

အလုံးစုံ ကံတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်တော်မူ၏၊ ဥပဓိ ကုန်ရာ (နိဗ္ဗာန်) ၌ (အာရုံပြုသောအားဖြင့် ကိလေသာမှ) လွတ်တော်မူ၏၊ ထိုမြတ်စွာဘုရား သည် ငါ၏ ဆရာတည်း၊ ထိုဆရာ၏ အဆုံးအမကို ငါသည် နှစ်သက်၏ဟု ပြော ပြန်၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “သီသုပစာလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။