သံယုတ္တနိကာယ်—၅

၉—သေလာသုတ်

၁၇ဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ သေလာဘိက္ခုနီမသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍။ပ။ နေ့သန့်စင်ခြင်းငှါ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေ၏၊ ထိုအခါ ယုတ်မာသော မာရ်နတ်သည် သေလာ ဘိက္ခုနီမအား ကြောက်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း။ပ။ သေလာဘိက္ခုနီမကို ဂါထာဖြင့် ရွတ်ဆို၏။

“ဤရုပ်ပုံ (အတ္တဘော) ကို အဘယ်သူ ဖြစ်စေအပ်သနည်း၊ ဤရုပ်ပုံ (အတ္တဘော) ကို ပြုတတ်သူကား အဘယ်သူနည်း၊ အဘယ့်ကြောင့် ဤရုပ်ပုံ (အတ္တဘော) သည် ဖြစ်ပေါ်လာသနည်း၊ အဘယ့်ကြောင့် ဤရုပ်ပုံ (အတ္တဘော) သည် ချုပ်သနည်း”ဟု (ရွတ်ဆို၏)။

ထိုအခါ၌ သေလာဘိက္ခုနီမအား “ဂါထာကို ရွတ်ဆိုသော ဤသူသည် အဘယ်သူနည်း၊ လူလေလော နတ်လေလော”ဟု စဉ်းစားပြီးလျှင် “ဤသူသည် ယုတ်မာသော မာရ်နတ်တည်း၊ ငါ့အား ကြောက်ခြင်း၊့ထိတ်လန့်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းကို ဖြစ်စေလို၍လည်းကောင်း၊ တည်ကြည်ခြင်းသမာဓိမှ ရွေ့လျော စေလို၍လည်းကောင်း ဂါထာကို ရွတ်ဆို၏”ဟု အကြံ ဖြစ်၏၊ ထိုအခါ သေလာဘိက္ခုနီမသည် “ဤသူကား ယုတ်မာသော မာရ်နတ်တည်း”ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဂါထာတို့ဖြင့် ပြန်ပြော၏—

“ဤအတ္တဘောကို မိမိကိုယ်တိုင်လည်း ပြုအပ်သည် မဟုတ်၊ သူတစ်ပါးလည်း ပြုအပ်သည် မဟုတ်၊ ဤအတ္တဘောသည် အကြောင်း ကို စွဲ၍ ဖြစ်၏၊ အကြောင်း ပျက်ခြင်းကြောင့် ချုပ်၏၊

လယ်၌ စိုက်ပျိုးအပ်သော တစ်စုံတစ်ခုသော မျိုးစေ့သည် မြေသြဇာနှင့် အစေး ယင်းနှစ်ပါးကို စွဲ၍ ပေါက်သကဲ့သို့—

ဤအတူ ခန္ဓာတို့လည်းကောင်း၊ ဓာတ်ခြောက်ပါးတို့လည်းကောင်း၊ အာယတန ခြောက်ပါးတို့လည်းကောင်း ဤတရားတို့သည် အကြောင်းကို စွဲ၍ ဖြစ်ကုန်၏။ အကြောင်းပျက်ခြင်းကြောင့် ချုပ်ကုန်၏”ဟု (ပြန်ပြော၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် “သေလာဘိက္ခုနီမသည် ငါ့ကို သိ၏”ဟု ဆင်းရဲခြင်း နှလုံး မသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။