သံယုတ္တနိကာယ်—၅၁

၂—ပါသာဒကမ္ပနဝဂ်

၁—ပုဗ္ဗသုတ်

၈၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သစ္စာတရားကို မသိမီ (ဘုရား မဖြစ်သေး၍) ဘုရားလောင်းသာဖြစ်သော ငါ့အား “ဣဒ္ဓိပါဒ်ကို ပွားများခြင်း အကြောင်းအထောက်အပံ့သည် အဘယ်နည်း”ဟု ဤအကြံသည် ဖြစ်ဖူး၏။ ရဟန်းတို့— ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိအားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဤသို့ ပွါးများသည်ရှိသော် ငါ၏အလို ‘ဆန္ဒ’သည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်းမကျုံ့လတ္တံ့၊ အပ၌ လည်း မပျံ့လွင့်လတ္တံ့။ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌ လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌ လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ့ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေး အဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။

ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဤသို့ပွါးများသည်ရှိသော် ငါ၏ ဝီရိယသည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့၊ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့နေ့အဖို့၌လည်းကောင်း ရှေးအဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။

စိတ်ကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဤသို့ပွါးများသည်ရှိသော် ငါ၏ စိတ်သည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့၊ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့နေ့အဖို့၌လည်းကောင်း ရှေးအဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။

ပညာကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဤသို့ပွါးများသည်ရှိသော် ငါ၏ ပညာသည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့၊ ရှေးအဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေးအဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့နေ့အဖို့၌လည်းကောင်း ရှေးအဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။

ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများ ဖြစ်သွား၏၊ အများ ဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏၊ ကိုယ်ကို ထင်ရှားဖြစ်စေ၏၊ ကိုယ်ကိုပျောက်ကွယ်စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ‘ကောင်းကင်၌ကဲ့သို့’သွားနိုင်၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ‘ရေ၌ကဲ့သို့’ ပြုနိုင်၏၊ ရေ၌လည်း မကွဲစေဘဲ ‘မြေ၌ကဲ့သို့’သွားနိုင်၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် ‘အတောင်ရှိသော ငှက်ကဲ့သို့’ သွားနိုင်၏၊ ဤသို့တန်ခိုးကြီးကုန်သော ဤသို့ အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ်နိုင်၏၊ ဆုပ်ကိုင်နိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။

ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားကို လွန်သော နတ်တို့၏ နားနှင့် တူသော နား ‘ဒိဗ္ဗသောတဉာဏ်’ဖြင့် နတ်၌လည်းဖြစ်ကုန် လူ၌လည်းဖြစ်ကုန်သော ဝေးသည်လည်းဖြစ်ကုန် နီးသည်လည်းဖြစ်ကုန်သော နှစ်မျိုးသောအသံတို့ကို ကြားနိုင်၏။

ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ တပ်မက်ခြင်း ‘ရာဂ’နှင့် တကွသော စိတ်ကိုလည်း “တပ်မက်ခြင်း ‘ရာဂ’နှင့် တကွသော စိတ်”ဟု သိ၏၊ တပ့်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်ကိုလည်း “တပ်မက်ခြင်း ‘ရာဂ’ ကင်းသော စိတ်”ဟု သိ၏။ အမျက်ထွက်ခြင်း ‘ဒေါသ’နှင့် တကွသော စိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’နှင့် တကွသော စိတ်”ဟု သိ၏၊ အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်ကိုလည်း “အမျက်ထွက်ခြင်း ‘ဒေါသ’ ကင်းသော စိတ်”ဟုသိ၏။ တွေဝေခြင်း ‘မောဟ’နှင့် တကွသော စိတ်ကိုလည်း “တွေဝေခြင်း ‘မောဟ’နှင့် တကွသော စိတ်”ဟုသိ၏၊ တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်ကိုလည်း “တွေဝေခြင်း ‘မောဟ’ ကင်းသော စိတ်”ဟု သိ၏။ ကျုံ့ သော ‘သံခိတ္တ’စိတ်ကိုလည်း “ကျုံ့သော ‘သံခိတ္တ’စိတ်”ဟု သိ၏၊ ပျံ့သော ‘ဝိက္ခိတ္တ္တ’စိတ်ကိုလည်း”ပျံ့ သော ‘ဝိက္ခိတ္တ’စိတ်”ဟု သိ၏။ မြတ်သည်၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’စိတ်ကိုလည်း”မြတ်သည် ၏အဖြစ်သို့ ရောက်သော ‘မဟဂ္ဂုတ်’စိတ်”ဟု သိ၏၊ မြတ်သည်၏အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’ စိတ်ကိုလည်း “မြတ်သည်၏အဖြစ်သို့ မရောက်သော ‘အမဟဂ္ဂုတ်’စိတ်”ဟု သိ၏။ သာလွန်သော တရား ရှိသော ‘သဥတ္တရ’စိတ်ကိုလည်း “သာလွန်သော တရားရှိသော ‘သဥတ္တရ’စိတ်”ဟုသိ၏၊ သာလွန်သော တရားမရှိသော ‘အနုတ္တရ’စိတ်ကိုလည်း “သာလွန်သော တရားမရှိသော ‘အနုတ္တရ’စိတ်”ဟု သိ၏။ တည် ကြည်သော ‘သမာဟိတ’ စိတ်ကိုလည်း “တည်ကြည်သော ‘သမာဟိတ’စိတ်”ဟု သိ၏၊ မတည်ကြည်သော ‘အသမာဟိတ’စိတ်ကိုလည်း “မတည်ကြည်သော ‘အသမာဟိတ’စိတ်”ဟု သိ၏။ လွတ်မြောက်သော ‘ဝိမုတ္တ’စိတ်ကိုလည်း “လွတ်မြောက်သော ‘ဝိမုတ္တ’စိတ်”ဟု သိ၏၊ မလွတ်မြောက်သော ‘အဝိမုတ္တ’စိတ်ကို လည်း “မလွတ်မြောက်သော ‘အဝိမုတ္တ’စိတ်”ဟု သိ၏။

ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း “ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သောအမည်ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြားရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သောအမည်ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့ သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြားရှိခဲ့၏။ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏”ဟု ညွှန်းပြဖွယ်အမည်အနွယ်နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။

ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏ —“အချင်းတို့ဤသတ္တဝါ တို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘ကာယဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသောအကျင့် ‘ဝစီဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသောမကောင်းသောအကျင့် ‘မနော ဒုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသောအယူဖြင့် ပြု သော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲ၌ဖြစ်ပေါ်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘ကာယသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်း သောအကျင့် ‘ဝစီသုစရိုက်’နှင့်ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသောအကျင့် ‘မနောသုစရိုက်’နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကိုမစွပ်စွဲကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသော ကံရှိ ကုန်၏၊ ထိုသတ္တဝါတို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ် ပြည်၌ ဖြစ်ပေါ်ကုန်၏”ဟုသိနိုင်၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ ‘ဒိဗ္ဗစက္ခုဉာဏ်’ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ၊ ကောင်းသောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သောသတ္တဝါတို့ကို သိ၏။

ရဟန်းသည် ဣဒ္ဓိပါဒ် လေးပါးတို့ကို ဤသို့ ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိ သော်အာသဝကုန်ခြင်းကြောင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ စိတ် နှင့်လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏ဟု ငါ့အား ဤအကြံ ဖြစ်ခဲ့ဖူး၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။