သံယုတ္တနိကာယ်—၅၁
၂—ပါသာဒကမ္ပနဝဂ်
၂—မဟပ္ဖလသုတ်
၈၂၄။ ရဟန်းတို့ ဤဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်အကျိုးကြီးကုန်၏၊ အာနိသင်ကြီးကုန်၏။ ရဟန်းတို့ ဣဒ္ဓိပါဒ်လေးပါးတို့ကို အဘယ်သို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အကျိုးကြီးကုန်သနည်း၊ အာနိသင်ကြီးကုန်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆန္ဒကို မှီ၍ ဖြစ်သော သမာဓိ အားထုတ်မှုတို့နှင့်ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွားများ၏၊ ဤသို့ ပွားများသည်ရှိသော် ငါ၏ ဆန္ဒသည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေ့အဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေ့အဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေ့အဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသော ပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွားများ၏။
ဝီရိယကို မှီ၍ ဖြစ်သော သမာဓိ။ပ။ စိတ်ကို မှီ၍ ဖြစ်သော သမာဓိ။ပ။ ပညာကို မှီ၍ ဖြစ်သောသမာဓိ အားထုတ်မှုတို့နှင့် ပြည့်စုံသော ဣဒ္ဓိပါဒ်ကို ပွါးများ၏၊ ဤသို့ ပွါးများသည်ရှိသော် ငါ၏ ပညာသည် အလွန်လည်း မတွန့်ဆုတ်လတ္တံ့၊ အလွန်လည်း မတက်ကြွလတ္တံ့၊ အတွင်း၌လည်း မကျုံ့လတ္တံ့၊ အပ၌လည်း မပျံ့လွင့်လတ္တံ့။ ရှေ့အဖို့၌ကဲ့သို့ နောက်အဖို့၌လည်းကောင်း၊ နောက်အဖို့၌ကဲ့သို့ ရှေ့အဖို့၌လည်းကောင်း၊ အောက်အဖို့၌ကဲ့သို့ အထက်အဖို့၌လည်းကောင်း၊ အထက်အဖို့၌ကဲ့သို့ အောက်အဖို့၌လည်းကောင်း၊ နေ့အဖို့၌ကဲ့သို့ ညဉ့်အဖို့၌လည်းကောင်း၊ ညဉ့်အဖို့၌ကဲ့သို့ နေ့အဖို့၌လည်းကောင်း ရှေ့အဖို့နောက်အဖို့တို့၌ အမှတ်သညာရှိသည် ဖြစ်၍ နေ၏။ ဤသို့ မြှေးယှက်ခြင်း မရှိသောပွင့်လင်းသော စိတ်ဖြင့် အရောင်အလင်းရှိလာအောင် စိတ်ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင့်ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အကျိုးကြီးကုန်၏၊ အာနိသင်ကြီးကုန်၏။
ရဟန်းတို့ ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်းဖြစ်လျက် အများဖြစ်သွား၏။ပ။ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်၏။ပ။
ရဟန်းတို့ ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော် အာသဝကုန်ခြင်းကြောင့် အာသဝကင်းသော (ကိလေသာမှ) လွတ်မြောက်သော ‘အရဟတ္တဖိုလ်’စိတ်နှင့် လွတ်မြောက်သော ‘အရဟတ္တဖိုလ်’ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေရ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။