သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၁ — ပဌမ ရဟောဂတသုတ်

၈၉၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်— အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါအသျှင်အနုရုဒ္ဓါ အား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေစဉ် ဤသို့သောစိတ်အကြံ ဖြစ်၏— “သတိပဋ္ဌာန်လေးပါးတို့ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်း အရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏၊ သတိပဋ္ဌာန်လေးပါးတို့ကို အားထုတ်ကြသူ ဟူသမျှတို့ အား ကောင်းစွာ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အရိယမဂ်ကို အားထုတ်အပ်သည် မည်၏”ဟု အကြံ ဖြစ်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် အသျှင်အနုရုဒ္ဓါ၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ အားရှိသော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်း ထို့အတူပင် အသျှင်အနုရုဒ္ဓါ၏ မျက်မှောက်၌ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် အသျှင်အနုရုဒ္ဓါအား “ငါ့သျှင်အနုရုဒ္ဓါ ရဟန်းသည် အဘယ်မျှဖြင့် သတိပဋ္ဌာန်လေးပါးတို့ကို အားထုတ်အပ်သည် မည်ကုန်သနည်း”ဟု (မိန့်ဆို၏)။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိ ရုပ်အပေါင်း၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိရုပ်အပေါင်း၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိရုပ်အပေါင်း၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သူတစ်ပါးရုပ်အပေါင်း၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါးရုပ်အပေါင်း၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါးရုပ်အပေါင်း၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိသူတစ်ပါး ရုပ်အပေါင်း၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး ရုပ်အပေါင်း၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး ရုပ်အပေါင်း၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ထိုရဟန်းသည် “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထို အာရုံ၌စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်”ဟု အမှတ် ရှိ၍နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေ၏။ “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူထိုအာရုံ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိလျက် နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိလျက် နေ၏။ “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကို ကြဉ်၍ သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍အညီအမျှရှုလျက် နေလိုခဲ့မူ” ထိုအာရုံ၌ သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ အညီအမျှရှုလျက်နေ၏။

ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိဝေဒနာတို့၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊ မိမိဝေဒနာတို့၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိဝေဒနာတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သူတစ်ပါးဝေဒနာ တို့၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါးဝေဒနာတို့၌ ပျက်ခြင်းသဘော ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သူတစ်ပါးဝေဒနာတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ် ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် မိမိသူတစ်ပါး ဝေဒနာတို့၌ ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး ဝေဒနာတို့၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှု လေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါးဝေဒနာတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏။

ထိုသူသည် “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ်ဟုအမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ်အာရုံ၌လည်းကောင်း၊ စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌လည်းကောင်း စက်ဆုပ်ဖွယ် မဟုတ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌ စက်ဆုပ်ဖွယ် မဟုတ်ဟု အမှတ်ရှိ၍ နေ၏။ “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံကိုလည်းကောင်း၊ စက်ဆုပ်ဖွယ်အာရုံကိုလည်းကောင်း ထိုနှစ်ပါးစုံကိုကြဉ်၍ သတိရှိသည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ အညီအမျှရှုလျက် နေလိုခဲ့မူ” ထိုအာရုံ၌သတိရှိသည် ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ အညီအမျှရှုလျက် နေ၏။

မိမိစိတ်၌။ပ။ သူတစ်ပါးစိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိသူတစ်ပါးတို့၏ စိတ်၌ဖြစ်ခြင်းသဘော ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါးတို့၏ စိတ်၌ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါးတို့၏ စိတ်၌ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိ သည်ဖြစ်၍ နေ၏။

ထိုသူသည် “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ပ။ ထိုအာရုံ၌ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ အညီအမျှရှုလျက် နေ၏။

မိမိသဘောတရားတို့၌။ပ။ သူတစ်ပါးသဘောတရားတို့၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိသူတစ်ပါးတို့၏ သဘောတရားတို့၌ ဖြစ်ခြင်းသဘောတရားကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါး တို့၏ သဘောတရားတို့၌ ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ မိမိသူတစ်ပါးတို့၏ သဘောတရားတို့၌ ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏။

ထိုသူသည် “စက်ဆုပ်ဖွယ် မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်”ဟု အမှတ်ရှိ၍ နေလိုခဲ့မူ ထိုအာရုံ၌စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍ နေ၏။ပ။ ထိုအာရုံ၌ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ အညီအမျှရှုလျက် နေ၏။ ငါ့သျှင် ဤမျှဖြင့်ပင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို အားထုတ်အပ်သည်မည်ကုန် ၏ဟု (မိန့်ဆို၏)။

ပဌမသုတ်။