သံယုတ္တနိကာယ်—၅၂

၂ — ဒုတိယဝဂ်

၁ — ကပ္ပသဟဿသုတ်

၉ဝ၉။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် အသျှင်အနုရုဒ္ဓါထံသို့ ချဉ်းကပ်ကုန်၍ အသျှင်အနုရုဒ္ဓါနှင့် အတူ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် အသျှင်အနုရုဒ္ဓါအား— အသျှင်အနုရုဒ္ဓါသည် အဘယ်တရားတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်သောအဘိညာဉ်ရှိသည်၏ အဖြစ်သို့ ရောက်ပါသနည်းဟု လျှောက်ကုန်၏။ ငါ့သျှင် ငါသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မြတ်သောအဘိညာဉ်ရှိသည်၏အဖြစ်သို့ ရောက်၏။ အဘယ်လေးပါးတို့နည်း၊

ငါ့သျှင်တို့ ဤသာသနာတော်၌ ငါသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ငါ့သျှင်တို့ ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့်မြတ်သောအဘိညာဉ်ရှိသည်၏ အဖြစ်သို့ ရောက်၏။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် ကမ္ဘာတစ်ထောင်တိုင်အောင် အောက်မေ့နိုင်၏ဟု (မိန့်ဆို၏)။

ပဌမသုတ်။