သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၂ — ဒုတိယ ရဟောဂတသုတ်

၉ဝဝ။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အနုရုဒ္ဓါအား ဆိတ်ငြိမ်ရာသို့ ကပ်လျက် တစ်ပါးတည်းကိန်းအောင်းနေစဉ် ဤသို့သော စိတ်အကြံ ဖြစ်၏ —“သတိပဋ္ဌာန်လေးပါးတို့ကို ချွတ်ယွင်းစေသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အရိယမဂ်ကို ချွတ်ယွင်းစေသည် မည်၏၊ သတိပဋ္ဌာန်လေးပါးတို့ကို အားထုတ်ကြသူ ဟူသမျှတို့အား ကောင်းစွာ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အရိယမဂ်ကို အားထုတ်သည် မည်၏”ဟု အကြံ ဖြစ်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် အသျှင်အနုရုဒ္ဓါ၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ အားရှိ့သော ယောကျာ်းသည် ကွေးသော လက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်း ထို့အတူပင် အသျှင်အနုရုဒ္ဓါ၏ မျက်မှောက်၌ ထင်ရှားဖြစ်ပေါ်လာ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် အသျှင်အနုရုဒ္ဓါအား “ငါ့သျှင်အနုရုဒ္ဓါ ရဟန်းသည် အဘယ် မျှဖြင့်သတိပဋ္ဌာန်လေးပါးတို့ကို အားထုတ်အပ်သည် မည်ကုန်သနည်း”ဟု (မိန့်ဆို၏)။ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိ သည်ဖြစ်၍ နေ၏၊ သူတစ်ပါးရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊ ပြင်း စွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိသူတစ်ပါးတို့၏ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ ၏။

ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိဝေဒနာတို့၌ ဝေဒနာကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ်ဖျောက်လျက် သူတစ်ပါးဝေဒနာတို့၌ ဝေဒနာကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအား ထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကိုပယ် ဖျောက်လျက် မိမိသူတစ်ပါးတို့၏ ဝေဒနာတို့၌ ဝေဒနာကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိစိတ်၌။ပ။ သူတစ်ပါးစိတ်၌။ပ။ မိမိသူတစ်ပါးတို့၏ စိတ်၌ စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် မိမိသဘောတရားတို့၌။ပ။ သူတစ်ပါးသဘောတရားတို့၌။ပ။ မိမိသူတစ်ပါးတို့၏ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိ သည်ဖြစ်၍ နေ၏။ ငါ့သျှင် ဤမျှဖြင့်ပင် ရဟန်းသည် ဤသတိပဋ္ဌာန်လေးပါးတို့ကိုအားထုတ်အပ်သည် မည်ကုန်၏ဟု (မိန့်ဆို၏)။

ဒုတိယသုတ်။