သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၄ — ပဌမ ကဏ္ဍကီသုတ်

၉ဝ၂။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလ္လာန်တို့သည်သာကေတမြို့ ကဏ္ဍကီတော၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလ္လာန်တို့သည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့ကုန်၍ အသျှင်အနုရုဒ္ဓါထံသို့ချဉ်းကပ်ကုန်၍ အသျှင်အနုရုဒ္ဓါနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား “ငါ့သျှင်အနုရုဒ္ဓါကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် အဘယ်တရားတို့သို့ ကပ်ရောက်၍ နေထိုက်သနည်း”ဟု (မေး၏)။

ငါ့သျှင်သာရိပုတြာ ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့သို့ ကပ်ရောက်၍ နေထိုက် ၏။ အဘယ်လေးပါးတို့နည်း၊ ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာအားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်သာရိပုတြာ ကျင့်ဆဲ ‘သေက္ခ’ ရဟန်းသည် ဤသတိပဋ္ဌာန်လေးပါးတို့သို့ ကပ်ရောက်၍ နေထိုက်၏ဟု (မိန့်ဆို၏)။

စတုတ္ထသုတ်။