သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၇ — တဏှာက္ခယသုတ်

၉ဝ၅။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် “ငါ့သျှင်ရဟန်းတို့”ဟု ရဟန်းတို့ကို ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် “ငါ့သျှင်”ဟု အသျှင်အနုရုဒ္ဓါအား ပြန်ကြားလျှောက်ကြကုန်၏၊ အသျှင်အနုရုဒ္ဓါ သည် ငါ့သျှင်တို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများကုန် ကြိမ်ဖန်များစွာပြုလုပ်ကုန်သည်ရှိသော် တဏှာ ကုန်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်လေးပါးတို့နည်း၊

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည် ဖြစ်၍သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ဆင်ခြင် ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရား တို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ငါ့သျှင်တို့ ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ကုန်သည်ရှိသော်တဏှာကုန်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်ဆို၏)။

သတ္တမသုတ်။