သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၈ — သလဠာဂါရသုတ်

၉ဝ၆။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် ထင်ရှူးပင်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ပ။ ငါ့သျှင်တို့ လူအပေါင်းသည်အရှေ့သို့ ညွတ်ကိုင်း ရှိုင်းသော ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်း ရှိုင်းအောင် ပြုကုန်အံ့ဟု ပေါက်တူး ခြင်းတောင်းကို ယူလျက် လာရာ၏။ ငါ့သျှင်တို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလူအပေါင်းသည် ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်း ရှိုင်းအောင် ပြုလုပ်နိုင်အံ့လောဟု မေးလေ၏။ ငါ့သျှင် မပြုလုပ်နိုင်ပါ။ ထိုမပြုလုပ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ငါ့သျှင် ဂင်္ဂါမြစ်သည် အရှေ့သို့ညွတ်ကိုင်း ရှိုင်းအောင် ပြုလုပ်ရန် မလွယ်ပါ။ ပြုလုပ်သမျှကာလပတ်လုံး လူအပေါင်းအားပင်ပန်းဆင်းရဲခြင်း ဖြစ်ရာ၏။

ငါ့သျှင်တို့ ဤအတူပင် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းကို့မင်းတို့သည်လည်းကောင်း၊ မင်းအမတ်ကြီးတို့သည်လည်းကောင်း၊ မိတ်ဆွေတို့သည်လည်းကောင်း၊ ခင်ပွန်းတို့သည်လည်းကောင်း၊ ဆွေမျိုးတို့သည်လည်းကောင်း၊ သားချင်းတို့သည်လည်းကောင်း “အမောင်ယောကျာ်း လာလော့၊ ဤဖန်ရည်ဆိုးထားသော သင်္ကန်းကို ဝတ်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ခေါင်းတုံးရိတ်လျက် ခွက်လက်စွဲကာ လှည့်လည်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လာလော့ လူထွက်၍ သုံးဆောင်ခံစားဖွယ် စည်းစိမ်တို့ကို သုံးဆောင်ခံစားပါလော့၊ ကောင်းမှုတို့ကိုလည်း ပြုလုပ်ပါလော့”ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကြားကုန်ငြားအံ့။

ငါ့သျှင်တို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများပြီးသော ကြိမ်ဖန်များစွာ ပြုလုပ်ပြီးသော ထိုရဟန်း သည်သိက္ခာချ၍ လူထွက်အံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ မရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ စိတ်သည် ရှည်ကြာသော ကာလပတ်လုံး (ကိလေသာမှ) ဆိတ်ခြင်း၌ ညွတ်ကိုင်း ရှိုင်း၏၊ ထို့ကြောင့်လူထွက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။ ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသနည်း၊ ကြိမ်ဖန်များစွာ ပြုလုပ်သနည်း။ ငါ့သျှင်တို့ ဤသာသနာတော်၌ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။

စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ် ၏ဟု (မိန့်ဆို၏)။

အဋ္ဌမသုတ်။