သံယုတ္တနိကာယ်—၅၂

၁ — ရဟောဂတဝဂ်

၉ — အမ္ဗပါလိဝနသုတ်

၉ဝ၇။ အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါနှင့် အသျှင်သာရိပုတြာတို့သည် ဝေသာလီပြည် အမ္ဗပါလိ ဥယျာဉ်၌ (သီတင်းသုံး) နေကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညနေချမ်းအချိန် တစ်ပါးတည်းကိန်းအောင်းရာမှ ထခဲ့၍။ပ။ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသောအသျှင်သာရိပုတြာသည် အသျှင်အနုရုဒ္ဓါအား — ငါ့သျှင်အနုရုဒ္ဓါ သင်၏ ဣန္ဒြေတို့သည် အလွန်ကြည်လင်ကုန်၏၊ မျက်နှာအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ အသျှင်အနုရုဒ္ဓါသည် အဘယ်နေခြင်းမျိုးဖြင့် ယခု အနေများပါသနည်းဟု မေး၏။ ငါ့သျှင်ငါသည် ယခုအခါ သတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည်ဖြစ်၍ အနေများ၏။ အဘယ် လေးပါးတို့နည်း၊

ငါ့သျှင် ဤသာသနာတော်၌ ငါသည် ပြင်းစွာ အားထုတ်သည်ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည်ဖြစ်၍ဆင်ခြင်ဉာဏ်ရှိ သည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက်သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။

ငါ့သျှင် ငါသည် ယခု ဤသတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာ တည်သော စိတ်ရှိသည်ဖြစ်၍ အနေများ၏။ ငါ့သျှင် ရဟန္တာဖြစ်သောအာသဝကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော မဂ်ကိစ္စကို ပြုပြီးသော ဝန်ကို ချပြီးသော မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ဘဝသံယောဇဉ် ကုန်ပြီးသောကောင်းစွာ သိ၍ လွတ်မြောက်ပြီးဖြစ်သော ရဟန်းသည်လည်း ဤသတိပဋ္ဌာန်လေးပါးတို့၌ ကောင်းစွာတည်သော စိတ်ရှိသည် ဖြစ်၍ အနေများ၏ဟု ဖြေဆို၏။

ငါ့သျှင် ငါတို့သည် အရတော်ပေစွ၊ ငါ့သျှင် ငါတို့သည် ကောင်းစွာ ရအပ်ပေစွ၊ ဟောကြားသော အသျှင်အနုရုဒ္ဓါ၏ အထံမှသာ (ကိုယ်တိုင် ရဟန္တာအဖြစ်ကို ပြသည့်) မြတ်သော စကားကို ကြားရကုန်၏ဟု (မိန့်ဆို၏)။

နဝမသုတ်။